ပဲခူးတိုင်းဒေသကြီးအတွင်ရှိ မြို့နယ်များတွင် ရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်

  25/ Feb/ 2022

မတော်တဆထိခိုက်ဒဏ်ရာရရှိသူများကို ဆေးရုံ၊ ဆေးခန်းများသို့ မရောက်မီ စနစ်တကျနည်းလမ်းမှန်ကန်စွာ ရှေးဦးပြုစုပေးမှသာလျှင် ဝေဒနာသက်သာပြီး ထိရောက်မှုရှိနိုင်မှာဖြစ်ပါတယ်။
ရှေးဦးပြုစုခြင်းပညာရပ် တတ်မြောက်ထားသူများက မတော်တဆထိခိုက်မှုများအတွက် အချိန်မီရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်ပါတယ်။ ဒါကြောင့် ရှေးဦးပြုစုခြင်းပညာရပ်များ တတ်မြောက်ထားသူ တိုးပွားလာစေရေးအတွက် ပဲခူးတိုင်းဒေသကြီးရှိ မြို့နယ်များတွင် ရှေးဦးပြုစုခြင်းသင်တန်းများကို ဖွင့်လှစ်ပို့ချပေးလျှက်ရှိပါတယ်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၅) ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့၊ ပြည်မြို့နှင့် သဲကုန်းမြို့တို့တွင် ရှေးဦးပြုစုခြင်းသင်တန်း (၄) ကြိမ်ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ သင်တန်း (၄) ကြိမ်တွင် ကြက်ခြေနီစေတနာလုပ်အားရှင် ကျား (၆၁) ဦးနှင့် မ (၆၆) ဦးတို့အား ရှေးဦးပြုစုခြင်းပညာရပ်များ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။