ဘားအံမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက အရေးပေါ်သွေးလှူဒါန်းခြင်းနှင့် သွေးလှူရှင် ရှာဖွေချိတ်ဆက်ပေးခြင်းများ ကူညီဆောင်ရွက်

  13/ Jan/ 2022

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသော လူနာတစ်ဦးသည် သွေး (၂) လုံး အရေးပေါ်လိုအပ်လျှက်ရှိရာ မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဒေါ်မိထွန်းလဝန်းနွယ်မှ သွေးသန့် (၁)လုံးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့က လှူဒါန်းပေးခဲ့ပါသည်။ ထို့အပြင် လိုအပ်နေသော သွေး (၁)လုံး ရရှိရန်အတွက်လည်း ကြက်ခြေနီစေတနာလုပ်အားရှင်များက သွေးလှူရှင်တစ်ဦးအား ရှာဖွေချိတ်ဆက်ပေးခဲ့ပါသည်။
ဇန်နဝါရီလ (၁၁) ရက်နေ့ကလည်း ဘားအံမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အရေးပေါ်လိုအပ်နေသော (A) သွေးတစ်လုံးနှင့် (O) သွေးတစ်လုံးရရှိရန်အတွက် မြို့နယ်မှကြက်ခြေနီစေတနာလုပ်အားရှင် ဦးစောအောင်ကိုမြတ်က သွေးလှူရှင် (၂) ဦးကို ရှာဖွေချိတ်ဆက်ပေးနိုင်ခဲ့ပါသည်။
ထို့အပြင် ဇန်နဝါရီလ (၁၀) ရက်နေ့က ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာတွင် ဆိုင်ကယ်မတော်တဆဖြစ်၍ ထိခိုက်ဒဏ်ရာရှိခဲ့သော အမျိုးသားတစ်ဦးအား ကြက်ခြေနီစေတနာလုပ်အားရှင်များက ရှေးဦးပြုစုပေးကာ ဆက်လက်ဆေးကုသမှုခံယူရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါသည်။