ဘိုကလေးတွင် ကြက်ခြေနီမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံ သင်တန်းဖွင့်လှစ်

  05/ Jun/ 2022

ဘိုကလေး၊ ဇွန်လ (၅)ရက် ။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၄)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ချိုကြည်သာသနာ့ဗိမာန်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က အမှာစကားပြောကြားခဲ့ပြီး မြင်းကကုန်းကျေးရွာနှင့် မလော့ကျေးရွာ ကြက်ခြေနီအသင်းခွဲငယ်များသို့ ဆေးအိတ်နှင့် Hand Speaker များပေးအပ်ခဲ့ကြပါသည်။
အခမ်းအနားကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ တာဝန်ရှိသူများ၊ ဖျာပုံခရိုင် ဒုတိယကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဝင်းအောင်၊ ဘိုကလေးမြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါ သင်တန်းကို ဇွန်လ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ (၂)ရက်​ကြာ ဖွင့်လှစ် သင်ကြားလျက်ရှိပြီး စုစုပေါင်း သင်တန်းသား/သူ (၅၀) ဦးတက်ရောက်လျှက်ရှိကြပါသည်။