မကွေးတွင် ရေကြီးရေလျှံမှုကြောင့်ထိခိုက်ခံစားရသည့်ရပ်ရွာလူထုအား ငွေသားထောက်ပံ့ကူညီ

  27/ Dec/ 2023

ဆင်ဖြူကျွန်း၊ ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၇)ရက်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်သည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ဂျာမနီနိုင်ငံကြက်ခြေနီအသင်းနှင့်ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်းတို့၏ ပံပိုးကူညီမှုဖြင့် ကန်သတ်ချက်မဲ့ ငွေသားထောက်ပံ့ခြင်းအစီအစဥ်အရ မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရပ်ရွာလူထုအား ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၃) ရက်နေ့အတွင်း စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင်ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင်မကွေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌပါမောက္ခဒေါက်တာဒေါ်ချောခင်နှင့်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့ ဦးဆောင်မှုဖြင့် ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ်မှ ဝန်ထမ်းများက ကူညီဆောင်ရွက်ခဲ့ကြပြီး ဆင်ဖြူကျွန်းမြို့အတွင်းရှိ ပြည်တော်သာကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၂၆)စု၊ မြောက်ရှားတောကျေးရွာမှ အိမ်ထောင်စုပေါင်း(၁၂၅)စုနှင့် မြို့ပေါ်ရပ်ကွက်များဖြစ်သည့် အမှတ်(၁)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၀၁)စု၊ အမှတ်(၂)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၇၇)စု၊ အမှတ်(၃)ရပ်ကွက်မှ အိမ်ထောင်စုပေါင်း(၁၆၈)စုဖြင့် စုစုပေါင်းအိမ်ထောင်စု(၅၉၇)စုအတွက် အိမ်ထောင်စု(၁)စုလျှင် ငွေသားကျပ် (၂)သိန်းစီဖြင့် စုစုပေါင်းငွေသား (၆၉,၂၀၀,၀၀၀)ကျပ်ကို ထောက်ပံ့ကူညီခဲ့ပါ သည်။
အသင်းအနေဖြင့် ဆင်ဖြူကျွန်းမြို့နှင့်ကျေးရွာများအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ခံစားခဲ့ရသည့် အိမ်ထောင်စုများ ကန်သတ်ချက်မဲ့ငွေသားထောက်ပံ့ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ရာနိုဝင်ဘာလ(၂၂)ရက်မှဒီဇင်ဘာလ(၂၃)ရက်နေ့အတွင်း အိမ်ထောင်စုပေါင်း(၁,၉၇၀)စုအတွက်စုစုပေါင်းငွေသား(၃၉၄,၀၀၀,၀၀၀)ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။