မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု လုပ်ငန်းအတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနား ကျင်းပ

  29/ May/ 2018

= = = ရန်ကုန်၊ မေ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် သြစတြေးလျကြက်ခြေနီအသင်းတို့ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်သည့် မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု လုပ်ငန်း အတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားကို၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် Central Hotel ၌ ကျင်းပခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ် အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ သြစတြေးလျကြက်ခြေနီအသင်းမှ Program Lead ဖြစ်သူ Mr. Htoo Lerနှင့် တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက အဖွင့် အမှာစကားပြောကြားခဲ့ရာ – ယခု အတွေ့အကြုံရှင်းလင်းပွဲသည် မသန်စွမ်းသူများ လူမှုအသိုင်းဝိုင်းတွင် ပိုမိုပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါကြောင်း၊ လူမှုကရုဏာလုပ်ငန်းများတွင် မသန်စွမ်းသူများ ပိုမို ပါဝင်လာဖို့ လိုအပ်နေသေးပါကြောင်း၊ မသန်စွမ်းသူများ လူမှုပတ်ဝန်းကျင်နှင့် လူမှုကရုဏာလုပ်ငန်းများတွင် ပိုမိုပါဝင်လာစေရန် စီမံချက်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး သြစတြေးလျကြက်ခြေနီအသင်းမှ Country Manager ဖြစ်သူ Mr. David Stephens မှ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အတွေ့အကြုံရှင်းလင်းပွဲတွင် မသန်စွမ်းသူများ ပူးပေါင်းပါဝင်မှု ဖွံ့ဖြိုးမှုကို ရှုထောင့် (၄) ခုဖြစ်သော မတူကွဲပြားခြားနားမှုကို အသိအမှတ်ပြုခြင်း၊ ဆုံးဖြတ်ချက်ချရာတွင် ပါဝင်ခြင်း၊ အတားအဆီးများ ဖယ်ရှားခြင်း၊ ပုံစံတကျချဉ်းကပ်ခြင်းများကို အခြေခံပြီး ဆန်းစစ်ခြင်းများကို ဘားအံနှင့် လှိုင်းဘွဲ့မြို့နယ်များတွင် ပြုလုပ်ခဲ့ပြီး တွေ့ရှိချက်များ၊ ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်များနှင့် လူမှုအသိုင်းဝိုင်းတွင် မသန်စွမ်းသူများ ပိုမို ပူးပေါင်း ပါဝင်နိုင် စေရန်အတွက် အကြုံပြုချက်များကို ရှင်းလင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။