မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် COVID-19 ရောဂါကာကွယ်ရေးအတွက် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေသည့် ကြက်ခြေနီစေတနာလုပ်အားရှင် များအား သွားရောက်ကြည့်ရှုအားပေး

  09/ Apr/ 2020

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီ အသင်းခွဲများမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူတက်တက်ကြွကြွ ပူးပေါင်းလုပ်ဆောင်လျှက်ရှိရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် ၂၀၂၀ပြည့်နှစ်၊ ဧပြီလ ၈ ရက်နေ့ နေ့လည်ပိုင်းတွင် သင်္ကန်းကျွန်းမြို့နယ်ရှိ အသွားအလာကန့်သတ်စောင့် ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာ တင်ညွန့်၊ ဒုတိယအထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဒေါ်ညိုညိုဝင့်၊ ရန်ကုန်တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်မိုးကြည်နှင့် တာဝန်ရှိသူများ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်၊ အဖွဲ့အစည်းဆိုင်ရာဖွံဖြိုးတိုးတက်ရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာဒေါ်လင်းလင်းသက်နှင့် အတူ အဆိုပါ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းတွင် လုပ်အားပေးနေကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျေးဇူးတင် အားပေးစကားပြောကြားခဲ့ပါသည်။

ထို့နောက် အသင်းမှပံ့ပိုးသည့်အထောက်အကူပြုပစ္စည်းများ၊ ကိုကာကိုလာကုမ္ပဏီမှ လှူဒါန်းသည့်ရေသန့်နှင့်အချိုရည်များ၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဒုတိယဥက္ကဌ ဦးတင်မောင်မှလှူဒါန်းသည့်လက်သန့်ဆေးရည် ဗူး ၅၀၀ တို့ကိုပေးအပ်ခဲ့ပါသည်။

အသင်းဥက္ကဌသည် ယနေ့နံနက်ပိုင်းကလည်း တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် ဖွင့်လှစ်ထား သည့် တိုင်းအဆင့်အရေးပေါ်ကွပ်ကဲမှုကြက်ခြေနီစင်တာကိုသွားရောက်ကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှူး နှင့် တာဝန်ရှိသူများအား တွေ့ဆုံကာ လိုအပ်ချက်များကိုညှိနှိုင်းဆွေးနွေးခဲ့ပါသည်။

နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ပြည်သူများနှင့်အတူ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျှက်ရှိပါသည်။