ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ရာတွင် ကြက်ခြေနီပါဝင်ဆောင်ရွက်

  27/ Jun/ 2022

မြဝတီ၊ ဇွန်လ (၂၇) ရက်။
၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သောင်ရင်းမြစ်ကမ်းနှင့်ခွန်ဆာဝင်း သောင်ရင်းဘောကွင်းတို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။
မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ မြဝတီမြို့ပေါ်မှပြည်သူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ရေကြီးရေလျှံမှုအန္တရာယ်များနှင့်ကြုံတွေ့လာရပါက စနစ်တကျ တုန့်ပြန်ဆောင်ရွက်နိုင်ရန် အဆိုပါသဏ္ဍာန်တူလေ့ကျင့်ခြင်းများကို ပြုလုပ်ခဲ့ပြီး ရေဘေးအန္တရာယ်အသိပညာပေးနှိုးဆော်ခြင်း၊ ရေနစ်သူများအား ကူညီကယ်ဆယ်ခြင်းနှင့် ရှေးဦးပြုစုခြင်း၊ ကျန်းမာရေးဌာနသို့ ညွှန်းပို့ခြင်း၊ စာရင်းမှတ်တမ်းကောက်ယူခြင်း၊ ရေဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်းများဆီသို့ ပို့ဆောင်ကူညီခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။