ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ အရေးပေါ်ကွပ်ကဲမှုစင်တာ ဖွင့်ပွဲနှင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲ ကျင်းပ

  14/ Aug/ 2020

ပုသိမ်၊ ဩဂုတ် ၁၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီ အရေးပေါ်ကွပ်ကဲမှု စင်တာ Emergency Operation Center ဖွင့်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ဩဂုတ်လ ၁၄ ရက်‌ေန့ နံနက်ပိုင်းက ပုသိမ်မြို့တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ အဆိုပါစင်တာရုံး ရှေ့တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ အသင်း ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးမန်းကြည်ရွှင်တို့က ဖွင့်လှစ် ပေးခဲ့ကြပါသည်။
ဆက်လက်ပြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီ‌‌ေစတနာလုပ်အားရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး က ပြောကြားရာတွင် လူသားအရင်းအမြစ် လုပ်ငန်းတာဝန်များကို တိုင်းဒေသကြီးအတွင်း လက်ရှိလုပ်ဆောင်နေသည့် EOC စင်တာတွေနှင့် ချိတ်ဆက်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သို့မှသာ တိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ခြင်း၊ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချကာကွယ်နိုင်မှာဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ အဖက်ဖက်က စွမ်းစွမ်းတမံ ပါဝင်ခဲ့ကြသည့် ကြက်ခြေနီ‌‌စေတနာလုပ်အားရှင်များကိုလည်း တိုင်းဒေသကြီးအစိုးရအနေနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်က အမှာစကား ပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းမော်က တိုင်းဒေသကြီး ကြက်ခြေနီ အရေးပေါ် ကွပ်ကဲမှုစင်တာနှင့်ပတ်သက်၍ လည်းကောင်း၊တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ က COVID-19 ရောဂါ ကာကွယ်ရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုများကို လည်းကောင်း တင်ပြ ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသောကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။