ဘောလုံးအားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲ 

  09/ Feb/ 2019

= = =
ဘားအံ၊ ဖေဖော်ဝါရီ ၉
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နယူးဆောက်သ်ဝေးတက္ကသိုလ်၊ Football United တို့ ပူးပေါင်း အကောင်အထည်ဖော်သည့် ဘောလုံးအားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၀၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၊ ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဦးဌေးနောင်နှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ကရင်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ Football United (University of New South Wales) မှ Dr.Anne Bude-Birouste နှင့် ဒေါက်တာဦးထွန်းအောင်ရွှေ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ/မြို့နယ်/ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ ဥက္ကဌများ၊ အမှုဆောင်အဖွဲ့ဝင်များ၊ လူငယ်ရေးရာ ကော်မတီဝင်များ၊ တက္ကသိုလ်ကြက်ခြေနီအသင်းခွဲများမှ လူငယ်ကိုယ်စားလှယ်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး အသင်း ဥက္ကဋ္ဌမှ အားကစားအခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလူငယ် နှီးနှောဖလှယ်ပွဲ ဆိုင်ရာ ကိစ္စရပ်များကို မိတ်ဆက်တင်ပြခဲ့ပါသည်။ ဆက်လက်ပြီး Football United တည်ထောင်သူ Dr Anne Bunde-Birouste (University of New South Wales) မှ Sport for Social Change Movement (ဘောလုံးအားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်) ဆိုင်ရာများကို ရှင်းလင်း ပြောကြားခဲ့ပါသည်။ထို့နောက် ဘားအံတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာ ဒေါ်သန်းသန်းမြင့်မှ နိဂုံးချုပ်နှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အမှတ်တရ စုပေါင်း ဓါတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။


လူငယ်နှီးနှောဖလှယ်ပွဲကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့များတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ တက္ကသိုလ်ကြက်ခြေနီအသင်းဝင် လူငယ်များ၏ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှုအရည်အသွေးများ ပိုမို တိုးတက်စေရေး လုပ်ငန်းများကို ဘောလုံးအားကစား အခြေပြု စီမံချက်များဖြင့် တက္ကသိုလ် ကြက်ခြေနီအသင်းခွဲများတွင် ဆောင်ရွက်နေခြင်းအား အရှိန် မြင့်တင်နိုင်ရန် အတွက်လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် လူငယ်ကော်မတီများ ပါဝင်ရေးဆွဲနေသည့် လူငယ်မဟာဗျူဟာတွင် ဘောလုံး အားကစား အခြေပြု လူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းပုံစံအား ထည့်သွင်းနိုင်ရေး နည်းလမ်းများ ရှာဖွေနိုင်ရန်အတွက် ဖြစ်ပါသည်။

Credit; ဦးအောင်မြင့်စိုး