၂၀၁၉ ခုနှစ်၊ နှစ်သစ်ကူး အချိန်အခါသမယတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူ၏ နှုတ်ခွန်းဆက် သဝဏ်လွှာ

  02/ Jan/ 2019

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ရှင် –

ဒီနေ့ဟာ မင်္ဂလာရှိလှတဲ့ ၂၀၁၉ ခုနစ်ရဲ့ နှစ်သစ်ကူးအချိန် အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကြက်ခြေနီစေတနာလုပ်အားရှင်မများ၊ ကြက်ခြေနီ အသင်းဝင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာ အဖြာဖြာနဲ့ ပြည်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကမ္ဘာပေါ်မှာ နှစ်စဉ် ပြောင်းလဲနေတဲ့ ရာသီဥတုရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် သဘာ၀ ဘေးအန္တရာယ် အမျိုးမျိုးဖြစ်ပွားလေ့ရှိသလို လူတွေကြောင့်ဖြစ်ပွားတဲ့ ဘေးဒုက္ခတွေနဲ့ ကျန်းမာရေးပြဿနာ တွေကိုလည်း ကြုံတွေ့ခံစားနေကြရပါတယ်။ ကျွန်မတို့ ကြက်ခြေနီ အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ခံစားရသူ မည်သူ့ကိုမဆို ဆင်းရဲချမ်းသာမရွေး၊ နေရာဒေသမရွေး၊ အသားအရောင်ခွဲခြားမှု မရှိဘဲ ကြက်ခြေနီ စေတနာလုပ်အားရှင်များရဲ့ စွမ်းပကားဖြင့် နှစ်စဉ် ဘေးဒုက္ခခံစားရတဲ့ ပြည်သူလူထု သန်းပေါင်းများစွာကို လူမှုကရုဏာ အကူအညီများ ပေးလျက်ရှိပါတယ်။

ကြက်ခြေနီဆိုတာ မိမိတို့၏ ပင်ကိုယ် ကရုဏာစိတ်ဓါတ်ပေါ်မှာ အခြေခံပြီး စေတနာ၊ ဝါသနာကို အရင်းခံကာ လူမှုကရုဏာလုပ်ငန်းများကို ကြက်ခြေနီအခြေခံမူများနှင့်အညီ တက်ညီလက်ညီ အတူတကွ ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံရဲ့ဂုဏ်သိက္ခာ၊ ကြက်ခြေနီ အသင်းရဲ့ ဂုဏ်သိက္ခာ၊ တစ်ဦးချင်းရဲ့ ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာထိန်းသိမ်းရမှာ ဖြစ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ရှင် –

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီစေတနာ လုပ်အားရှင်များအနေနဲ့ အသင်းက ဦးတည်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ရပ်ရွာလူထု ဘေးဒဏ် ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားရေး အစီအစဉ်မှာ အားလုံး ပူးပေါင်းပြီး မိမိတို့ တတ်သိထား သော အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို မိဘပြည်သူများ အတွက် မျှေ၀ ပေးစေလိုပါတယ်။ သို့မှသာ မိဘပြည်သူများအနေနဲ့ ပိုမိုကျန်းမာကြံ့ခိုင်ပြီး ငြိမ်းချမ်း သာယာသော လူမှုဘဝများကို တည်ဆောက်နိုင်ကြပြီး ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ်တွေ အတွက် ကြိုတင်ပြင်ဆင် တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ခေတ်နဲ့ အညီ ပြောင်းလဲတိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့ အကြုံပေါ်မှုတည်ပြီး ရရှိလာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ်ကာ လူမှုကရုဏာလုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်း လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြည်သူနှင့် ကြက်ခြေနီ အတူလက်တွဲကာ လူမှုကရုဏာ ခရီးလမ်းကို မည်သို့သော စိန်ခေါ်မှု၊ မည်သို့သော ခက်ခဲမှု မျိုးကိုမဆို ကျောလွန်ပြီး အောင်မြင်စွာ ညီညီညွတ်ညွတ် ဆောင်ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူးအချိန်အခါသမယမှာ ဆန္ဒပြုဆုမွန်ကောင်းတောင်း အပ်ပါတယ်။

ပါမောက္ခဒေါက်တာဒေါ်မြသူ
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း
(၁-၁-၂၀၁၉)