၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

  08/ May/ 2022

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မေလ(၈)ရက်။
“ ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား” (Be Human KIND) ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ Physical and Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီများအနေဖြင့် မိမိတို့ဒေသလိုအပ်ချက်အလိုက် ကြက်ခြေနီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုကရုဏာလုပ်ငန်းသက်သက်ကိုသာ ဆောင်ရွက်ပေးနေကြသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်ကြောင်းကို အများပြည်သူ ပိုမိုယုံကြည်လက်ခံလာအောင် ကြင်နာစိတ် အရင်းခံကာ ဦးဆောင် လမ်းညွှန်ပံ့ပိုးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Pierre Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ကြက်ခြေနီ‌စေတနာလုပ်အားရှင်များ၏ လှုပ်ရှားမှုပုံရိပ် မှတ်တမ်းဗီဒီယိုအားပြသပါသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ်ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ၏စကားသံဗီဒီယိုအား ပြသပါသည်။
ဆက်လက်ပြီး ပြည်နယ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးသည့် အလှူရှင်များဖြစ်ကြသောအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းစု)နှင့် ဦးထွန်းထွန်းဦး (T .T .O Pharm Co, ltd:)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ အသင်းဥက္ကဌနှင်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီ‌ကြီးကြပ်မှု‌ကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖတ်ကြားထား‌သောဧည့်
သည်တော်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
ကြက်ခြေနီလူမှုကရုဏာကွန်ယက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ၏
မွေးနေ့ဖြစ်သည့် မေလ(၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေလ(၈)ရက်နေ့တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့ကို ကမ္ဘာ့တဝန်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင်(၇၄)နှစ်ရှိခဲ့ပြီးဖြစ်ပါသည်။