14/ Aug/ 2018
= = = ရန်ကုန်၊ သြဂုတ် ၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ နေ့လည် ၃ နာရီအချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုငံသံအမတ်ကြီး MR. Hong Liong မှ ရေဘေးသင့်ဒေသများရှိ အများပြည်သူအတွက် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်ရုံးခွဲ)ရှိ အစည်းအဝေးခန်းမတွင် လာရောက်လှူဒါန်းခဲ့ပါသည်။ အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး MR. Hong Liongနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ အချိန်ပြည့်အလုပ်အမှုဆောင် ဦးကင်ဘွိုင်း၊ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ လှူဒါန်းငွေကို သံအမတ်ကြီး MR. Hong Liong မှ လာရောက်လှူဒါန်းခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူနှင့် အချိန်ပြည့်အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံခဲ့ကြပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတဝန်းတွင်ဖြစ်ပွားခဲ့သော ရေဘေး၊ ငလျင်ဘေး စသည်တို့ကြောင့် ထိခိုက်ခံစားရသူ ပြည်သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဆောင်ရွက်ခဲ့သော လူမှုကရုဏာအကူအညီများအတွက် အလှူငွေများ လှူဒါန်းလေ့ရှိပြီး ယခုလှူဒါန်းမှုသည် စတုတ္ထအကြိမ်မြောက်လည်း ဖြစ်ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ယခုလှူဒါန်းသော အမေရိကန်ဒေါ်လာ တစ်သိန်း (US$ ၁၀၀,၀၀၀) ကို ရေဘေးသင့်ဒေသများရှိပြည်သူများတွက် လူမှုကရုဏာအကူအညီများ ဆောင်ရွက်ပေးရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။
10/ Jan/ 2018
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ် = = = နေပြည်တော်၊ ဇန်နဝါရီလ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ရခိုင်ပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်နေသော လူမှုကရုဏာလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းကို နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဌာနချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူ၊ ဒုတိယ ဥက္ကဌ ပါမောက္ခ ဒေါက်တာ နန်းထွမ်းလှ၊ အချိန်ပြည်အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်လှ၊ ဒုတိယ အထွေထွေအတွင်းရေးမှူး ဒေါ်ရွှေစင်မြင့်၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးလုပ်ငန်း ညွှန်ကြားရေးမှူး ဦးဝင်းကို၊ MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဦးဟန်နရီဇော်ထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားတွင် MAX POWER (သာကေတ) ကုမ္မဏီမှ Business Development Director ဟန်နရီဇော်ထွန်းမှ အလှူငွေ ပေးအပ်ရခြင်း ရည်ရွက်ချက်များကို တင်ပြခဲ့ပြီး အလှူငွေ USD 50,000 ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ နှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီး ကြက်ခြေနီမှ ဆောင်ရွက်လျက်ရှိသော လူမှုကရုဏာလုပ်ငန်းများအကြောင်းနှင့် အခြေခံမူများကို ဥက္ကဌနှင့် တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဥက္ကဌမှ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအား ရခိုင်ပြည်နယ် (မြောက်ပိုင်း)တွင် လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်းခြင်းအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။