|
RMS

  11/ May/ 2022

အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်ရာမှ ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံများသို့ ပို့ဆောင်ရာတွင် ကြက်ခြေနီက ပါဝင်ကူညီ

ဖြူး၊ ၂၀၂၂ခုနှစ်၊ မေလ(၁၁)ရက်။
ရန်ကုန်-နေပြည်တော် အမြန်လမ်း(၁၂၈)မိုင်(၂/၃)ဖာလုံကြားတွင် မေလ(၁၁)ရက်နေ့ နံနက်ပိုင်းက မော်တော်ယာဉ်(၁)စီးတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာရသူ(၅)ဦးအား ဖြူးမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူရန်နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ကုသမှုခံယူရန် လူနာများညွှန်းပို့ရာတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း (၁၁၅)မိုင် ရှေးဦးပြုစုခြင်းစခန်းနှင့် ဖြူးမြို့နယ်ကြက်ခြေနီအသင်းခွဲတို့မှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် လူမှုရေအသင်းအဖွဲ့များနှင့်အတူ ကြက်ခြေနီလူနာတင်ယာဉ်ဖြင့် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြပါသည်။

Read More

  11/ May/ 2022

အရေးပေါ်သွေးလိုအပ်နေသူအား ကြက်ခြေနီစေတနာလုပ်အားရှင်တစ်ဦးက သွေးလှူဒါန်းပေး

ကျောက်တော်၊ မေလ (၁၁) ရက်။
၂၀၂၂ ခုနှစ်၊ မေလ (၁၁) ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာမှ အသက် (၄၇) နှစ်အရွယ် အမျိုးသားတစ်ဦး အရေးပေါ် သွေးလိုအပ်နေသဖြင့် မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် ဦးခိုင်စိုးမင်းက (B) သွေးတစ်လုံးလှူဒါန်းခဲ့ပါသည်။ ယခုသွေးလှူဒါန်းမှုသည် (၁၀) ကြိမ်မြောက်သွေးလှူဒါန်းခြင်းဖြစ်ကြောင်း သိရပါသည်။

Read More

  11/ May/ 2022

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် ကျင်းပ

၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်။
၂၀၂၂ခု နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲရုံးတွင် မေလ (၈) ရက်နေ့က ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်မှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌက အမှာစကားပြောကြားခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ခဲ့သော ကြက်ခြေနီစေတနာလုပ်အားရှင်(၁၃) ဦးတို့အား ရောဂါကာကွယ်ထိန်းချုပ်ရေး အရေးပေါ်တုန့်ပြန်ရေးကော်မတီက ပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့အတူ စစ်တွေမြို့နယ်ကြက်ခြေနီအသင်းခွဲရုံးတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သော သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဌက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် ရှေးဦးပြုစုခြင်းနည်းဖြင့် ကူညီပေးမှုများအား သရုပ်ပြသခဲ့ပြီး ရှေးဦးပြုစုခြင်းစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

Read More

  11/ May/ 2022

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်လှုပ်ရှားမှုများနှင့် အခမ်းအနားများ ပြုလုပ်

မြစ်ကြီးနား၊ ၂၀၂၂ခုနှစ်၊ မေလ(၁၀)ရက်။
၂၀၂၂ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နေရပ်စွန့်ခွာစခန်းများတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီ နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူပေါင်းပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာများကို ပြောကြားခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး အသက်(၆၀)နှစ်အထက် သက်ကြီးရွယ်အို (၁၉၀)ဦးတို့အား ဖျာ၊ ဆပ်ပြာ၊ နှာခေါင်းစည်း၊ မျက်နှာအကာနှင့် လက်သန့်ဆေးရည် များကို ထောက်ပံ့ ပေးအပ်ခဲ့ပါသည်။
ထို့အတူ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင် ၂၀၂၂ခုနှစ်၊‌ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲကို မေလ(၈)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက “မြန်မာပြည်မြောက်ဖျားက တို့ကြက်ခြေနီ” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ထံမှ ပေးပို့သော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီအသင်းခွဲ ဒုတိယဥက္ကဌက ဖတ်ကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌက ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲနာယက က ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် ကျင်းပရခြင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးက မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ပါသည်။
ယင်းနောက် မြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် (၁၅)နှစ်ပြည့် လှုပ်ရှားဆောင်ရွက်ခဲ့သူ(၂၉)ဦး နှင့် (၃၀)နှစ်ပြည့်လှုပ်ရှားဆောင်ရွက်ခဲ့သူ(၂)ဦးတို့အား မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပေးပို့သော ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ပေးအပ်ချီးမြှင့်ခဲ့ပြီး မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌက ကျေးဇူးတင်စကားပြောကြားကာ မြို့နယ်မှ ကြက်ခြေနီ‌စေတနာလုပ်အားရှင်များက “ခြေလှမ်းသစ်များနဲ့ တို့ကြက်ခြေနီ” သီချင်းကို သီဆိုခဲ့ကြပါသည်။

Read More

  10/ May/ 2022

ကြင်နာစိတ်ထားကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား

ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ၂၄နာရီအရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုဖြင့် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ အရေးပေါ်လူနာတွေအပြင် အခြားအကြောင်းအရာအမျိုးမျိုးကြောင့် ဆေးရုံသို့ပို့ဆောင်ရမယ့် မည့်သူ့ကိုမဆို ကူညီပို့ဆောင်ပေးနိုင်ဖို့ အမြဲအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ထို့အပြင် အရေးပေါ် ရှေးဦးပြုစုခြင်းနည်းများဖြင့် အသက်ကယ်နိုင်ဖို အမြဲကူညီလုပ်ဆောင်လျက်ရှိပါတယ်။ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ထိုကဲ့သို့ ကူညီလုပ်ဆောင်ရာမှာ ကြက်ခြေနီရဲ့ အခြေခံမူ(၇)ချက်နဲ့ အညီ အသွေးအရောင်အဆင့်အတန်းမခွဲခြားဘဲ ထိခိုက်နစ်နာခံစားရသူ မည့်သူ့ကိုမဆို ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
၂၀၂၂ခုနှစ်၊ မေလ (၉)ရက်နဲ့ (၁၀)ရက်နေ့များမှာ ဆိုရင် ထားဝယ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ၂၄နာရီပတ်လုံး အရေးပေါ်လူနာတင်ယာဉ်ဝန်ဆောင်မှုဖြင့် အရေးပေါ်လူနာများနှင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ပါတယ်။ အဲ့ဒီလိုကူညီဆောင်ရွက်ရာမှာ မေလ(၉)ရက်နေ့၊ နေ့လည် (၁၂း၀၀)နာရီအချိန်ခန့်က ထားဝယ်မြို့၊ ဇဟာကျေးရွာမှာနေထိုင်တဲ့ ဆေးရုံပြောင်းလူနာတစ်ဦးကို မြင့်မိုရ်ဦးဆေးရုံကနေ ထားဝယ်မြို့ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း၊ မွန်းလွဲ (၁း၀၀)နာရီခန့်က မယ်ဒီလန်းဆေးရုံမှ ဆေးကုသမှုခံယူပြီးလူနာအား ဘုမ္မော်ရပ်ရှိ နေအိမ်သို့ ပို့ဆောင်ပေးခြင်း၊ မွန်းလွဲ(၂း၀၀)နာရီခန့်က ဆန်းချီရပ်မှာနေထိုင်တဲ့ အရိုးကျိုးလူနာကို နေအိမ်မှ ဓါတ်မှန်ခန်း ထိုမှတဆင့် အရိုးဆေးခန်း မှနေအိမ်သို့ ပို့ဆောင်ပေးခြင်းများကို ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီပို့ဆောင်ပေးခဲ့ပါတယ်။
မေလ(၁၀)ရက်နေ့မှာတော့ နံနက်(၁၀:၅၀)နာရီအချိန်ခန့်က သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာမှ ဓါတ်မှန်ရိုက်လူနာအား မြင့်မိုရ်ဦးဆေးရုံမှ မယ်ဒီလန်းဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ နံနက်(၁၁း၀၀)နာရီ အချိန်ခန့်က ဆေးရုံဆင်းလူနာအား မြင့်မိုရ်ဦးဆေးရုံမှ ဘုမ္မော်ရပ် နေအိမ်သို့ ပို့ဆောင်ပေးခြင်း၊ မွန်းလွဲ (၁း၅၀)နာရီအချိန်ခန့်က သရက်ချောင်းမြို့နယ်၊ ပိတိုင်ကျေးရွာက ဓါတ်မှန်ရိုက်လူနာအား ထားဝယ်ဆေးရုံကြီးမှ မယ်ဒီလန်းဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ညနေ(၃း၁၅)နာရီခန့်က ဥသာရံရပ်မှ ကိုယ်ဝန်ဆောင်မိခင်အား နေအိမ်မှ မယ်ဒီလန်းဆေးရုံသို့ ပို့ဆောင်ပေးခြင်း၊ ည(၁၁း၀၀)နာရီအချိန်ခန့်မှာ ဆောင်းနှင်းပြင်ကျေးရွာမှ အသက်ရှူကြပ် ရောဂါဝေဒနာခံစားနေရသော လူနာအား နေအိမ်မှ ထားဝယ်ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခြင်း များကို ထားဝယ်မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
  

Read More

  09/ May/ 2022

ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကြက်ခြေနီရှေးဦးပြုစုခြင်းပြိုင်ပွဲနှင့် သဘာဝဘေးအန္တရာယ် သဏ္ဍာန်တူသရုပ်ပြပွဲများကျင်းပပြုလုပ်

ဘားအံ၊ ၂၀၂၂ ခုနှစ်၊ မေလ (၉) ရက်။
၂၀၂၂ခုနှစ်၊ မေလ (၈) ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ကြက်ခြေနီရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲနှင့် သဘာဝဘေးအန္တရာယ်သဏ္ဍာန်တူသရုပ်ပြပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၂ခုနှစ်၊ မေလ (၆) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်နိုင်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းကျင့်ဝတ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ကြက်ခြေနီသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ကြပါသည်။
ဖွင့်ပွဲသို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌဒေါ်မြင့်မြင့်သိန်း၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဦးမြင့်နိုင်၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင်များ၊ ဘားအံခြေတုလက်တုပြန်လည်သန်စွမ်းရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးများနှင့် ပြိုင်ပွဲဝင်ကြက်ခြေနီစေတနာလုပ်အားရှင်များ စုစုပေါင်း (၁၂၃) ဦးတက်ရောက်ခဲ့ပါသည်။

Read More

  09/ May/ 2022

ကြင်နာစိတ်ထားကြက်ခြေနီများလူတိုင်းအပေါ်ကူညီသွား

ပူပြင်းခြောက်သွေ့တဲ့ရာသီရောက်လာတာနဲ့အတူ မီးဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားရမှုတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ၂၀၂၂ခုနှစ်၊ မေလ(၉)ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ရဲ့ မဟာမုနိ နေရပ်စွန့်ခွာစခန်းမှာ မီးလောင်မှုကြောင့်‌ ထိခိုက်နစ်နာဆုံးရှုံးမှုတွေ များစွာဖြစ်ခဲ့တဲ့ အိမ်ထောင်စု (၂၆၂)စု ဆီသို့ ကျွန်ုပ်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ သွားရောက်ခဲ့ကြပြီး စိတ်ပိုင်းဆိုင်ရာအားပေးနှစ်သိမ့်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းများကို ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။
အဲ့ဒီနောက်မှာ မီးလောင်မှုကြောင့် ထိခိုက်နစ်နာခံစားခဲ့ရတဲ့ အိမ်ထောင်စု (၂၆၂)စု ရှိ လူဦးရေ (၁၀၇၃)ဦးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့ပေးအပ်တဲ့ မိသားစုသုံးပစ္စည်း (Family Kit) ၂၆၂ စုံ ကို ကျောက်တော်မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက ထောက်ပံ့ပေးအပ်ခဲ့ကြပါတယ်။
ကျွန်ုပ်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များဟာ ဘေးအန္တရာယ်အမျိုးမျိုးနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်နစ်နာခံစားရသည့် မိသားစုဝင်များကို ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာအားပေးကူညီခြင်းနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို အချိန်နှင့်တပြေးညီ ကူညီဆောင်ရွက်နိုင်ဖို့ အစဉ်တစိုက်ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။

Read More

  08/ May/ 2022

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်

ရန်ကုန်၊ ၂၀၂၂ခုနှစ်၊ မေလ(၈)ရက်။
"ကြင်နာစိတ်ထား ကြက်ခြေနီများ လူတိုင်းအပေါ်ကူညီသွား"(Be Human KIND) ဆောင်ပုဒ်ဖြင့် ကျင်းပသော ၂၀၂၂ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရန်ကုန်မြို့ရှိ Sule Shangri-La Hotel ၌ Physical and Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်ကော်မတီများအနေဖြင့် မိမိတို့ဒေသလိုအပ်ချက်အလိုက် ကြက်ခြေနီလုပ်ငန်းများကို ဆောင်ရွက်ရာတွင် လူမှုကရုဏာလုပ်ငန်းသက်သက်ကိုသာ ဆောင်ရွက်ပေးနေကြသော လူမှုကရုဏာအဖွဲ့အစည်းဖြစ်ကြောင်းကို အများပြည်သူ ပိုမိုယုံကြည်လက်ခံလာအောင် ကြင်နာစိတ် အရင်းခံကာ ဦးဆောင် လမ်းညွှန်ပံ့ပိုးပေးကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephen Pierre Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း(IFRC) မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Nadia KHOURY တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြပြီး ကြက်ခြေနီ‌စေတနာလုပ်အားရှင်များ၏ လှုပ်ရှားမှုပုံရိပ် မှတ်တမ်းဗီဒီယိုအားပြသပါသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ်ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်(၁၂)ဦးတို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကိုအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများက ပေးအပ်ချီးမြှင့်ခဲ့ပြီး ကြက်ခြေနီစေတနာလုပ်အားရှင်များ၏စကားသံဗီဒီယိုအား ပြသပါသည်။
ဆက်လက်ပြီး ပြည်နယ်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများ၏ လိုအပ်ချက်များကို အစဉ်တစိုက် ဖြည့်ဆည်းပေးသည့် အလှူရှင်များဖြစ်ကြသောအဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်း(ကိုလှထွန်း ငရုတ်သီးမှုန့်လုပ်ငန်းစု)နှင့် ဦးထွန်းထွန်းဦး (T .T .O Pharm Co, ltd:)တို့အား ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ယနေ့ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားသို့ အသင်းဥက္ကဌနှင်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်၊ အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ကြက်ခြေနီ‌ကြီးကြပ်မှု‌ကော်မတီဥက္ကဌများ၊ ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းတို့မှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အမျိုးသားကြက်ခြေနီအသင်းများမှ ကိုယ်စားလှယ်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ မိတ်ဖက်လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖတ်ကြားထား‌သောဧည့်
သည်တော်များ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
ကြက်ခြေနီလူမှုကရုဏာကွန်ယက်ကို စတင်အုတ်မြစ်ချပေးခဲ့သူ ဟင်နရီဒူနန့်ကို ဂုဏ်ပြုသည့်အနေဖြင့် သူ၏
မွေးနေ့ဖြစ်သည့် မေလ(၈) ရက်နေ့ကို ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်သတ်မှတ်ပြီး ၁၉၄၈ ခုနှစ်မှ စတင်ကာ နှစ်စဉ် မေလ(၈)ရက်နေ့တိုင်း ကမ္ဘာ့ကြက်ခြေနီနေ့ကို ကမ္ဘာ့တဝန်း၌ ကျင်းပခဲ့ရာ ယခုနှစ်တွင်(၇၄)နှစ်ရှိခဲ့ပြီးဖြစ်ပါသည်။

Read More

  08/ May/ 2022

တောင်ကြီးတွင် ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုပြီး သစ်ပင်စိုက်ပျိုး

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ကို ကြိုဆိုဂုဏ်ပြုပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရန် ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကြက်ခြေနီများက သစ်ပင်များကို စိုက်ပျိုးခဲ့ကြပါသည်။
ထိုသို့စိုက်ပျိုးရာတွင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးညီညီ နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၁၀)ဦးတို့သည် တောင်ကြီးမြို့အရှေ့ဘက်တောင်ပေါ်ရှိ နဂါးကန်ဘုန်းကြီးကျောင်းဝန်းတွင် စိန်ပန်းပြာပင်(၂၀)ပင်ကို မေလ(၈)ရက်နေ့ နံနက်ပိုင်းက စုပေါင်းစိုက်ပျိုးခဲ့ကြခြင်း ဖြစ်ပါသည်။

Read More