နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေး အင်အားဖြည့်ကူညီမည်

  28/ Sep/ 2020

နေပြည်တော်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အင်အားဖြည့် ကူညီရန် နေပြည်တော်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅) ဦး ပါဝင်သောအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ စီမံမှုဖြင့် စေလွှတ်ခဲ့ပါသည်။
အဆိုပါ ကြက်ခြေနီစေတနာလုပ်အားရှင် များအား စုရပ်ဖြစ်သော နေပြည်တော်တိုးဂိတ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ စီမံရေးရာဌာန ဌာနမှူး ဦးမြင့်ထွန်းဟန်၊ ဗဟိုဦးစီးမှူး ဦးစိုးနိုင်၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ဒုတိယဥက္ကဋ္ဌဒေါ်ဖြူဖြူမြင့်၊ ကော်မတီ၀င် ဦးမောင်မောင်ထွန်း၀င်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးစိုးလင်းဦး၊ဥတ္တရခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ယမင်းအေး၊ ဥတ္တရခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးနိုင်၀င်းစိုး၊ ဒက္ခိဏခရိုင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့အုပ်ချုပ်ရေးအဖွဲ့ ဦးစီးမှူး(ဒုတိယတန်း)ဦးညီငယ်တို့က အားပေးနှုတ်ဆက်ခဲ့ကြပါသည်။
အဆိုပါအဖွဲ့တွင် နေပြည်တော်အတွင်းရှိ မြို့နယ် (၅) ခုမှ ကြက်ခြေနီစေတနာလုပ်အားရှင်အမျိုးသား (၂၅) ဦး၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း (၃၅) ဦး ပါဝင်ကြကာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစီအစဥ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ အသွားအလာကန့်သတ် စောင့်ကြည့်စခန်းတွင် တာဝန်ထမ်းဆောင်မည်ဖြစ်ပါသည်။