မြန်မာနိုင်ငံကြက်ခြေနီအသင်းက ဧရာဝတီတိုင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ကိုဗစ်၁၉ကာကွယ်ရေးပစ္စည်းများ ထောက်ပံ့

  16/ Nov/ 2020

ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်လျက်ရှိတဲ့ ဧရာဝတီတိုင်းဒေသကြီးမှ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းက ထောက်ပံ့ပစ္စည်းများသွားရောက်ပေးအပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၆ရက်က ပြုလုပ်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအဝင်ဂိတ်တွင်ပြုလုပ်ခဲ့သော ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဌာနချုပ်မှ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာတင်ထွန်းအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနညွှန်ကြားရေးမှူးဒေါ်စန်းစန်းမော်၊ ဧရာဝတီတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူးဦးဝင်းမြင့်၊ ဟင်္သာတခရိုင်၊ ဖျာပုံခရိုင်၊ မအူပင်ခရိုင်၊ မြောင်းမြခရိုင်၊ ပုသိမ်ခရိုင်မှ ကြက်ခြေနီတပ်ဖွဲ့ဝင်များတက်ရောက်ခဲ့ပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၂၆)မြို့နယ်မှာ ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလှုပ်ရှားနေကြတဲ့ မြို့နယ်ကြက်ခြေနီအသင်းခွဲများအား ဆေးရုံသုံးနှာခေါင်းစည်း၊ N95နှာခေါင်းစည်း၊ ရေမလိုလက်သန့်ဆေးရည်၊ ခွဲစိတ်ခန်းသုံးလက်အိတ်၊ အသင်းအမှတ်တံဆိပ်ပါရာဘာအေပရွန်၊ ပလက်စတစ်အမှိုက်အိတ်၊ ကာဘော်လစ်ဆပ်ပြာ၊ ကိုဗစ်၁၉အသိပညာပေးဗွီနိုင်း၊ Face Shield နှင့် အမှိုက်ပုံးတို့ကို ပေးအပ်ခဲ့ ခြင်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းဟာ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက်ကိုဗစ်၁၉ ရောဂါကာကွယ်ရေးပစ္စည်းများထပ်မံ‌ ထောက်ပံ့ခြင်းကို အောက်တိုဘာလကတည်းကဖြန့်ဖြူးပေးအပ်လျက်ရှိပါတယ်။