ကိုဗစ်ရောဂါကူးစက်မှုမှကာကွယ်ရန် ကြက်ခြေနီက ကူညီဆောင်ရွက်

  12/ Jul/ 2021

ဘုရားသုံးဆူမြို့၊ ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၂ရက်
ကိုဗစ်၁၉ရောဂါကူးစက်မှုမြင့်တက်လာသည်နှင့်အမျှ အများပြည်သူတို့သည် နေ့စဉ်ဘဝတွင် ရောဂါကူးစက်မှုမခံရစေရေးအတွက် မဖြစ်မနေလိုက်နာနေထိုင်ရမည့် အချက်များအား သတိပြုလိုက်နာရန်လိုအပ်လာပါသည်။ စားဝတ်နေရေးအတွက် အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းနေရသည့်အခါ အဆိုပါ ရောဂါကူးစက်မှုအား ကာကွယ်နိုင်မည့် အချက်များကို အမှုအမှတ်မဲ့ လျစ်လျူရှုမိတတ်ကြသည်။၊
ထိုအခြေအနေတွင် RCV များသည် ရပ်ရွာလူထုအား ရောဂါကူးစက်မှုမှကာကွယ်နိုင်သည့် ဆင်ခြင်နေထိုင်ရမည့် အချက်များအား အသိပညာပေးခြင်း၊ သတိပေးလမ်းညွှန်ခြင်းတို့ကို ဈေးများ၊ ကားဂိတ်များ၊ မြို့အသီးသီးရှိ အဝင်အထွက်ဂိတ်များတွင် သတိပေးနှိုးဆော်လျှက်ရှိသည်။ ထို့အပြင် ရောဂါကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ လက်သန့်စင်ဆေးရည်များနှင့် လက်အိတ်များ လှူဒါန်းပေးခြင်းတို့ကိုလည်း နေရာအနှံ့အပြားတွင် ဆောင်ရွက်လျက်ရှိကြသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များကိုယ်တိုင် စံပြအနေဖြင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများ အသုံးပြုကာ မိမိကိုယ်တိုင်လည်း ရောဂါကူးစက်မှုမခံရစေရန် ကြိုတင်ပြင်ဆင်ကာကွယ်မှုများပြုလုပ်ထားကြပါသည်။
ဖော်ပြပါဓါတ်ပုံများတွင် ပါရှိသော ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှဖြစ်ပြီး အများပြည်သူသွားလာနေကြသော ဈေးများ၊ကားဂိတ်များတွင် ကိုဗစ်ရောဂါကာကွယ်ရေးအသိပညာပေးခြင်း၊ လမ်းညွှန်ပိုစတာများကပ်ခြင်း၊ နှာခေါင်းစည်းများအခမဲ့ပေးဝေခြင်းတို့ကို ပြုလုပ်နေကြခြင်းဖြစ်ပါသည်။