ကျောက်မျက်တွင်းဟောင်းပြိုကျမှုဖြစ်စဉ်တွင် ကြက်ခြေနီက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်

  13/ Aug/ 2020

မိုးကုတ်၊ ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ဓာတ်တော် ပျားစွဲလူးတွင်းပြိုကျမှုကြောင့် ကျောက်ရှာဖွေနေသူ ၃ဦးမှာ ပိတ်မိမှုဖြစ်စဉ် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၁၁ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဒုတိယတပ်ခွဲမှူးဦးကျော်ကျော်ထွန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင်ကျား၁၆ဦး၊ မ၄ဦးတို့က မြို့နယ်အုပ်ချုပ်ရေးမှူးဦးလှမျိုးဦး၊ ဌာနဆိုင်ရာများ၊မြို့နယ်မီးသတ်တပ်ဖွဲ့၊ Rescue တပ်ဖွဲ့၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကာ တွင်းအနက်ပေ ၁၃၀၀ထိဆင်းကာ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့သည်။
တွင်းပြိုကျမှုကြောင့် သေဆုံးခဲ့သူ၁ဦးရုပ်အလောင်းအား အပြင်သို့ ခက်ခက်ခဲခဲထုတ်ယူကာ မိုးကုတ်မြို့ပြည်သူ့ဆေးရုံသို့ မြတ်စေတနာလူမှုကူညီရေးအသင်း ကားဖြင့် ပို့ဆောင်ခဲ့သည်။

အလားတူ ဩဂုတ်လ ၁၂ရက်နေ့ တွင်းပြိုကျမှုဖြစ်စဉ်အတွင်း ၂ဦးသေဆုံး၊ တစ်ဦးပေါင်ကျိုး ဒဏ်ရာရရှိခဲ့ရာ မိုးကုတ်မြို့နယ် ကြက်ခြေနီအသင်းခွဲကကြက်ခြေနီစေတနာလုပ်အားရှင် များက ဆေးရုံသို့ ပို့ဆောင်ပေးခြင်းကို ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊Rescue တပ်ဖွဲ့ လူမှုကူညီရေးအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။