ကြက်ခြေနီလူငယ်များအတွက် “YABC and F4D Facilitator Training” သင်တန်းဖွင့်ပွဲအခမ်းအနားကို online ဖြင့်ပြုလုပ်

  16/ Sep/ 2021

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC)နှင့် Generation Amazing (Qatar Red Crescent) တို့ ပူးပေါင်းဆောင်ရွက်သည့် “YABC and F4D Facilitator Training” သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က Online မှတဆင့် ပြုလုပ်ခဲ့ပါသည်။
အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်က “ သင်တန်းသည် လူငယ်မှတဆင့် မတူကွဲပြားသော လူသားများရဲ့ စိတ်ထားနှင့် အပြုအမူကောင်းများ ပြောင်းလဲစေရေးနှင့် ဘောလုံးအားကစားကို အခြေခံပြီး လူငယ်နှင့်ရပ်ရွာ လူထုဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပေါင်းစပ်သင်ကြားပေးမယ့် သင်တန်းဖြစ်လို့ ဒီလိုပေါင်းစပ်ဖွင့်လှစ်တာမျိုးဟာ မြန်မာနိုင်ငံကြက်ခြေနီအသင်း အတွက် ပထမဦးဆုံး ဖြစ်ကြောင်း၊ သင်တန်းမှတဆင့် လူငယ်ကြက်ခြေနီများ၊ လူငယ်တိုင်းရင်းသားများနှင့် အမျိုးသမီးငယ်များ၏ လူမှုဘဝပုံစံများကို ပြောင်းလဲမြှင့်တင်ပေးကာ ၎င်းတို့၏ ရပ်ရွာလူထုအတွင်း ပြန်လည်အကျိုးပြုနိုင်စေရန် ရည်ရွယ်ပြီး သင်တန်းသား/သူများရဲ့ တက်တက်ကြွကြွ ပူးပေါင်းပါဝင်မှုများကလည်း အလွန်အရေးကြီးကြောင်း” စသည်တို့ကို အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ Amjad Saleem (Manager: Inclusion, Protection and Engagement Unit (National Society, Policy and Knowledge Development Department, IFRC) နှင့် Nasser Alkhori (Programmes Director, Generation Amazing) တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားသို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ တာဝန်ရှိသူများ၊Generation Amazing (Qatar Red Crescent) မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ တာဝန်ရှိသူများ၊ နည်းပြဆရာ/ဆရာမများနှင့် သင်တန်းသူ/သား လူငယ်ကြက်ခြေနီများ တက်ရောက်ခဲ့ပါသည်။
ယခုသင်တန်းကို “Uniting Through the Power of YABC and Football in Myanmar” စီမံချက်မှ ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး လူငယ်များသည် စွမ်းဆောင်ရည်ပြည့်ဝပြီး အနာဂတ် လူမှုကရုဏာလုပ်ငန်းများတွင် ဦးဆောင်သူများအဖြစ် ပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်ကာ နေပြည်တော်/ ရန်ကုန်/ မန္တလေး/ ကရင်/ မွန်/ ရှမ်း စတဲ့ တိုင်းဒေသကြီး/ပြည်နယ် (၆) ခုတွင် စီမံချက်လုပ်ငန်းအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။