တောင်ပြိုကျမှုဖြစ်ရာမှ ထိခိုက်ဒဏ်ရာရသူကို မိုးကုတ်မှကြက်ခြေနီများက ရှေးဦးပြုစုပေးခဲ့

  02/ Nov/ 2021

မိုးကုတ်၊ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ(၂)ရက်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ရွှေပူရပ်ကွက် အုန်းကိုင်းရပ်တွင် ယနေ့ နိုဝင်ဘာလ (၂) ရက် နံနက်‌ပိုင်းက တောင်ပြိုကျမှုဖြစ်ပွားခဲ့ရာ မိုးကုတ်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ပိတ်မိနေသူများအား ရှာဖွေရာတွင် ပူးပေါင်း ကူညီခဲ့ပြီး ဒဏ်ရာရသူကို ရှေးဦးပြုစုပေးခဲ့တယ်လို့ မိုးကုတ်မြို့နယ်ကြက်ခြေနီ
အသင်းခွဲထံမှ သိရပါတယ်။
ထိုသို့ တောင်ပြိုကျရာတွင် ယာယီတဲအိမ်ပေါ်သို့ ပြိုကျခဲ့ခြင်းဖြစ်ပြီး ပိတ်မိနေသူ(၂)ဦးအားရှာဖွေကယ်ဆယ်ရာတွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူများ၊ မီးသတ်တပ်ဖွဲ့များနှင့်အတူ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကူညီခဲ့ကြပြီး ပိတ်မိနေသူ(၂)ဦးအနက် (၁)ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။
“ ရှာလို့တွေ့တဲ့သူရဲ့ ဒဏ်ရာတွေကို ရှေးဦးပြုစုပေးပြီး ဆေးရုံကိုပို့ပေးခဲ့တယ်။ သူတို့‌ေနတဲ့ အိမ်ကနေ ရှာလို့ရလာတဲ့ အိမ်ထောင်စု၊ မှတ်ပုံတင်နဲ့ ဖုန်း၊ ပိုက်ဆံအိတ်တွေ ကိုလည်း ပြန်ပေးခဲ့ပါတယ်” လို့လည်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ထံမှ သိရပါတယ်။
မိုးကုတ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေကြီး၊ ရေလျံမှုများ၊ မြေပြိုကျမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ မြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင်များက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ကူညီခြင်း၊ ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုခြင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းများအပြင် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်လည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်လျက်ရှိပါတယ်။