ပြည်ထောင်စုနယ်မြေနေပြည်တော် ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ လူမှုကရုဏာအကူအညီများ

  11/ Feb/ 2022

နေပြည်တော်၊ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်
ပြည်ထောင်စုနယ်မြေနေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ သစ်ထုတ်လုပ်ရေးဝန်ထမ်းအိမ်ရာမှ မီးလောင်ကာ နေအိမ်ဆုံးရှုံးခဲ့သော အိမ်ထောင်စု (၁) စုအတွက် မိသားစုသုံးပစ္စည်း (၁)စုံ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံနှင့် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၁)စုံတို့ကို နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးအောင်ချိုနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။
ဖေဖော်ဝါရီလ (၅) ရက်နေ့ကလည်း ပျဉ်းမနားဘိုးဘွားရိပ်သာ၊ အေးငြိမ်းချမ်းသာဘိုးဘွားရိပ်သာနှင့် နေပြည်တော်သဘာဝတရားရိပ်သာသို့ နှာခေါင်းစည်းများ၊ လက်သန့်ဆေးရည်များ၊ ကာဘော်လစ်ဆပ်ပြာများနှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ထို့အတူ COVID-19 ရောဂါကာကွယ်ရေးအတွက် ဇေယျာသီရိမြို့နယ်ရှိ ကျေးရွာများတွင် အသိပညာပေးပိုစတာများနှင့် ဗီနိုင်းများကို ကပ်ပေးခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ မြို့နယ်အသီးသီးမှ ယာဉ်မတော်တဆဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သူ (၆)ဦးနှင့် ရောဂါအမျိုးမျိုးကြောင့် ဆေးကုသမှုခံယူမည့်သူ (၂)ဦးအား နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) သို့ ကြက်ခြေနီစေတနာလုပ်အားရှင်များက မြို့နယ်လူမှုကူညီရေးပရဟိတအသင်းများနှင့် ပူးပေါင်းပို့ဆောင်ပေးခဲ့ပါသည်။