ပြည်သူလူထုမှ ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် တယ်လီဖုန်းဝန်ဆောင်မှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

  29/ Jan/ 2022

မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီများအသင်းများဖက်ဒရေးရှင်း (IFRC)တို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်သူလူထုမှဆက်သွယ်အကူအညီ တောင်းခံနိုင်သည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် တယ်လီဖုန်းဝန်ဆောင်မှုအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့က Zoom Application ဖြင့် online မှ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးသို့ လူမှုကရုဏာဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာနမှ ညွှန်ကြားရေးမှူး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ဝန်ထမ်းများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အထောက်အကူပြုအရာရှိများနှင့် Hotline phone ကိုင်ဆောင်ရန်တာဝန်ပေးအပ်ခြင်းခံရသည့် စေတနာလုပ်အားရှင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ဒုတိယညွှန်ကြားရေးမှူးက လူသားခြင်းစာနာထောက်ထားသည့် ကူညီဆောင်ရွက်မှုများအတွက် တယ်လီဖုန်းဝန်ဆောင်မှုပေးခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး၊ မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ ညှိနှိုင်းရေးမှူးက Hotline phone ကိုင်ဆောင်မည့်သူများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်၊ စံသတ်မှတ်ချက်များနှင့် လုပ်ငန်းအစီအရင်ခံစာပုံစံ အစရှိသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ တာဝန်ရှိသူများက လုပ်ငန်းနှင့်ပက်သက်၍ တက်ကြွစွာ အကြံပြုဆွေးနွေးခဲ့ကြပြီး ဒုတိယညွှန်ကြားရေးမှူးက ပြန်လည်ညှိနှိုင်းဆွေးနွေးကာ အစည်းအဝေးကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။