ဖားကန့်မြို့နယ် ရှဒူးဇွပ်ကျေးရွာပြည်သူများ ရေဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်းရာတွင် ကြက်ခြေနီကူညီ

  22/ Jul/ 2020

ဖားကန့်၊ ဇူလိုင် ၂၂

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က ကချင်ပြည်နယ်တွင် မိုးကောင်းချောင်းရေမြင့်တက်မှုဖြစ်ပေါ်ခဲ့ပြီး မြစ်ကြီးနား – တနိုင်းကားလမ်းရေကျော်တက်မှုကြောင့် ဖားကန့်မြို့နယ်၊ ရှဒူးဇွပ်ကျေးရွာမြေနိမ့်ပိုင်းရှိ အိမ်ထောင်စုပေါင်း (၂၆၅)စု (ထိခိုက်ခံစားရသူ (၁,၄၅၃) ဦး) ခန့် ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရပြီး လူနေအိမ် (၅) လုံး ပျက်စီးခဲ့ပါသည်။

ဖြစ်စဉ်တွင် ဖားကန့်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် (၈) ဉီးတို့သည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များနှင့်အတူ ရေဘေးသင့်ပြည်သူများ အား ဘေးလွတ်ရာကုန်းမြင့်ပိုင်းသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စိတ်ပိုင်း ဆိုင်ရာ အားပေးကူညီပေးခြင်း၊ ထိခိုက်ခံစားရသူစာရင်းများ ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများအတွက် ဓါတ်ဆားထုတ်၊ ရေသန့် / ရေသန့်ဆေး၊ တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်းများ အရေးတကြီးလိုအပ်လျက်ရှိပါသည်။

အသင်းဌာနချုပ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနမှ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၈) စုံနှင့် မိသားစုသုံးပစ္စည်း (၁၀) စုံ တို့ကို ပို့ဆောင်ထောက်ပံ့ခဲ့ပါသည်။