မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်

  13/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ် ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဂုဏ်ထူးဆောင်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများနှင့် COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီက virtual ceremony ဖြင့်ပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံကြက်ခြေနီသူနာပြုတပ်ဖွဲ့တွင် အသက်(၆၅)နှစ် ပြည့်သည် အထိ တာဝန်ထမ်းဆောင်ခဲ့သည့် အမည်စာရင်းကိုဖတ်ကြားခြင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ များက အသက်(၆၅)နှစ်ပြည့် ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်း(၄၆ဦး)အား ဂုဏ်ပြုလွှာနှင့် ဂုဏ်ပြုတံဆိပ်များ ပေးအပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး COVID -19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် ဂုဏ်ပြုလက်မှတ်များနှင့် ဂုဏ်ပြုတံဆိပ်များကို တိုင်းဒေသကြီး နှင့် ပြည်နယ်တပ်ဖွဲ့မှူးများထံသို့ ပေးအပ်ခဲ့ကြပါသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဟောင်း ဉီးမန်းကြည်ရွှင်မှ ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများကိုယ်စားကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အသင်းဥက္ကဌနှင့်အတူဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်းအလုပ်အမှုဆောင်များ၊ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူးချုပ်၊ အထွေထွေအတွင်းရေးမှူးနှင့် ဒုတိအထွေထွေအတွင်းရေးမှူးများ၊ ညွှန်ကြားရေးမှူးများ၊ တိုင်ဒေသကြီး/ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဌများနှင့် တပ်ဖွဲ့မှူးများ၊ ဂုဏ်ပြုခံကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်ဟောင်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။