မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့် တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲများရှိ ဦးဆောင်အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများမိတ်ဆက်ခြင်းအစီအစဉ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

  24/ Nov/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ပူးပေါင်း ဖွင့်လှစ်သော တနင်္သာရီတိုင်းဒေသကြီးရှိ တိုင်းဒေသကြီး/ခရိုင် နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲများရှိ ဦးဆောင် အုပ်ချုပ်သူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းမှ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့ရာ အသင်း ဥက္ကဌ ဒေါက်တောမောင်မောင်မြင့် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အသင်းဥက္ကဌမှ အမှာစကားပြောကြားရာတွင် ယနေ့ပြုလုပ်တဲ့ အစီအစဉ်ကတော့ တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ တိုင်းအဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ အဆင့်ဆင့်တို့က ကြက်ခြေနီ လုပ်ငန်းတွေကို ဦးဆောင် အုပ်ချုပ်နေသူများအတွက် ကြက်ခြေနီလုပ်ငန်းများ မိတ်ဆက်ခြင်း အစီအစဉ်ဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့လည်း ယခုကာလတွေမှာ ကိုဗစ်ရောဂါ ကာကွယ် တားဆီးရေး လုပ်ငန်းတွေကို တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ပေးနေကြတာကို တွေ့မြင်နေ ရတဲ့အတွက် ဝမ်းသာအားရ မိပါကြောင်း၊ တိုင်းဒေသကြီးအနေနဲ့လည်း ဌာနချုပ်ရဲ့ အကူအညီ လိုအပ်ချက်များရှိပါက အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း၊ ဌာနချုပ်ဘက်မှလည်း အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ အသင့်ရှိနေသလို တိုင်းဒေသကြီးဘက်ကလည်း အသင်း ပုံရိပ်ကို ဆက်လက်ထိန်းသိမ်းပေးကြဖို့ ဒီနေရာက တိုက်တွန်းချင်ပါကြောင်း၊ အထူးသဖြင့် အုပ်ချုပ်မှုအပိုင်းကို တာဝန်ယူဆောင်ရွက်နေကြတဲ့ ကြက်ခြေနီကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲအမှုဆောင် အဖွဲ့ဝင်များ အနေနဲ့ မိမိတို့ဒေသမှာ ကြက်ခြေနီနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိရှိပြီး လုပ်ငန်းအဆင်ပြေ ချောမွေ့စေဖို့အတွက် ကြက်ခြေနီ ဗဟုသုတနဲ့ အခြေခံ သတင်းအချက်အလက်တွေကို သိရှိထားဖို့အတွက် ယခုလို ပြုလုပ် ရခြင်း ဖြစ်ပါကြောင်း၊ အဓိက ကတော့ ဦးဆောင် အုပ်ချုပ်သူများအနေဖြင့် ကြက်ခြေနီလှုပ်ရှားမှု၏ အခန်း ကဏ္ဍ၊ အခြေခံမူများနှင့် လုပ်ငန်းတာဝန်များကို သိရှိ နားလည် လိုက် နာဆောင်ရွက်နိုင်ရန်၊ ဦးဆောင်အုပ်ချုပ်သူများ၏ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများကို သိရှိ ဆောင်ရွက်နိုင်ရန်၊ အသင်းက ရေးဆွဲချမှတ်ထားသည့် မဟာဗျူဟာစီမံကိန်းများ၊ အမျိုး သားအသင်း၏ အရန်အင်အား အခန်းကဏ္ဍကို သိရှိပြီး ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုများတွင် ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်ပဲ ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အားဖြင့် အသင်းရဲ့ ရည်မှန်းချက်နဲ့ လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ရာမှာ ဦးဆောင်သူများ အနေနဲ့ မိမိတို့ အရပ်ဒေသအလိုက် ကြက်ခြေနီလုပ်ငန်းတွေကို ယခုထက် တိုးတက်ဖွံ့ဖြိုးလာအောင် လမ်းညွှန် ထိန်းကြောင်း ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း မှာကြားခဲ့ပါသည်။
ဆက်လက်ပြီး လုပ်ငန်းများမိတ်ဆက်ခြင်း ပထမနေ့ အစီအစဉ်အဖြစ် အမျိုးသားအသင်း၏ အရန်အင်အားအခန်းကဏ္ဌ (NS Auxiliary Role) နှင့် ဒေသအာဏာရှိသူများနှင့် ပူးပေါင်းဆက်သွယ်မှု (Relationship with Authority) ကို အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုးမှ လည်းကောင်း၊ ကြက်ခြေနီသမိုင်းကြောင်း၊ အခန်းကဏ္ဌနှင့် လှုပ်ရှားမှုအဖွဲ့ဝင်များ အကြောင်း မိတ်ဆက်ခြင်း (RC History & Movement) နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်း (MRCS)နှင့် ကြက်ခြေနီအခြေခံမူ (၇) ချက်နှင့် ကြက်ခြေနီအမှတ်အသား အကြောင်း (7 Fundamental Principle & Emblem) ကို လူမှုကရုဏာလုပ်ငန်းဆိုင်ရာ ပြန်ကြားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ဒေါ်ရွှေစင်ကျော်စိုးမှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အကြောင်းကို ICRC မှ ဦးအောင်မိုးကျော်မှ လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) အကြောင်းကို IFRC မှ ဦးကျော်ဦးခိုင်မှ လည်းကောင်း၊ အသင်း၏ မဟာဗျူဟာ ၂၀၂၁ – ၂၀၂၅ (Strategic Plan 2021 – 2025) အကြောင်းကို အဖွဲ့အစည်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်လင်းလင်းသက်မှ လည်းကောင်း၊ အသင်းခွဲခေါင်းဆောင်များ၏ လုပ်ငန်းတာဝန်များ (Roles and Responsibility of RC leaders) တိုင်း/ ပြည်နယ်/ ခရိုင်ကြီးကြပ် ကော်မတီများ၏ လုပ်ငန်းတာဝန်များနှင့် မြို့နယ်အသင်းခွဲ အမှုဆောင်များ၏ လုပ်ငန်း တာဝန်မျာအကြောင်းကို အကြောင်းကို အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နှင်းဖြူဖြူမြင့်မှလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ပါသည်။
နိုဝင်ဘာလ ၂၄ ရက်နှင့် ၂၅ ရက်အထိ နှစ်ရက်တာပြုလုပ်မည့် အဆိုပါ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို အသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာ ဒေါ်အမယာမော်နိုင်၊ အထွေထွေ အတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ဒုတိယအထွေထွေအတွင်းရေးမှူးဒေါက်တာ ဒေါ်ညိုညိုဝင့်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှတာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများဖက်ဒရေးရှင်းမှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် တနင်္သာရီတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းခရိုင်ကြက်ခြေနီကော်မတီဝင်များ၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ တနင်္သာရီ၊ ရေဖြူ၊ သရက်ချောင်း၊ ပုလော၊ ဘုတ်ပြင်း၊ ကျွန်းစု၊ လောင်းလုံမြို့နယ်များမှ မြို့နယ်ကြက်ခြေနီအသင်းခွဲ အမှုဆောင်အဖွဲ့ဝင် ၄၂ ဦး စုစုပေါင်း ၅၉ ဦး တက်ရောက်ခဲ့ပါသည်။