မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၏ ၂၀၂၁ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကား

  01/ Jan/ 2021

ချစ်ခင်လေးစားအပ်ပါသော နိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင် တပ်ဖွဲ့ဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ –

ယနေ့သည် ၂၀၂၁ ခုနစ် နှစ်သစ်ရဲ့ ပထမ ခြေလှမ်းကို စတင်မည့် နေ့ရက်ကောင်းဖြစ်ပါတယ်။ ဒီလို မင်္ဂလာ ရှိလှတဲ့ နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ ကျက်သရေ မင်္ဂလာ အပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့ အချိန်အခါဖြစ်သည်နဲ့အညီ ကျွန်တော်တို့အားလုံး ရင်ဆိုင်နေကြရတဲ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါဘေးနှင့်တကွ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း ရှေးဦးစွာ နှုတ်ခွန်းဆက်ပါတယ်။

ယခု ကမ္ဘာနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားကူးစက်နေတဲ့ ကိုဗစ်-၁၉ ကူးစက်မြန် ကပ်ရောဂါဆိုးကြောင့် အသက် ပေါင်းများစွာ ကြွေလွင့်ဆုံးရှုံးနေကြရပါတယ်။ ဒီကပ်ရောဂါဆိုးကို တိုက်ထုတ်ဖို့ရာမှာ ကျွန်တော်တို့ တစ်ဦး တစ်ယောက်တိုင်းမှာ တာဝန်ရှိပါတယ်။ ကျွန်တော်တို့ ကြက်ခြေနီများအနေနဲ့လည်း မိမိတို့ ကိုယ်တိုင်အတွက် သာမက အများအကျိုးအတွက် ဒေသအလိုက် ရောဂါတားဆီးကာကွယ်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပူး ပေါင်းပါဝင်ဆောင်ရွက်နေကြတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။ အထူးသဖြင့် ကူးစက်မှုနှုန်း မြင့်တက် နေတဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက လှိုင်ကိုဗစ်ကုသရေးစင်တာနှင့် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတို့တွင် တိုင်းဒေသကြီး/ ပြည်နယ်(၇)ခုက ကြက်ခြေနီစေတနာလုပ်အားရှင် စုစုပေါင်း (၂၇၃)ဦးတို့က အလှည့်ကျ တစ်လစီ တာဝန်ယူ ဆောင်ရွက်ပေးခဲ့ကြတဲ့အတွက် အသင်းအနေဖြင့် နိုင်ငံတော်ကို တစ်ဖက် တစ်လမ်းက အားဖြည့်ပေးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုလာရောက်ကူညီနိုင်အောင် အဘက်ဘက်မှ ဝိုင်းဝန်း ပံ့ပိုး ပေးခဲ့ကြတဲ့ ကြီးကြပ်ကော်မတီများ၊ မြို့နယ်အမှုဆောင်များ၊ အသင်းဝင်၊ တပ်ဖွဲ့ဝင်ခေါင်းဆောင်များ၊ အလှူရှင်များနဲ့ ခွင့်ပြုပေးခဲ့ကြတဲ့ မိဘ၊ ဆွေမျိုးသားချင်းများ၊ အထူးသဖြင့် ကူညီဆောင်ရွက်ပေးခဲ့ကြတဲ့ ကြက်ခြေနီ စေတနာ လုပ်အားရှင် တစ်ဦးတစ်ယောက်တိုင်းကို မြန်မာနိုင်ငံကြက်ခြေနီအသင်းက အထူးပင် ကျေးဇူးတင် လေးစား ဂုဏ်ယူပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

ယနေ့ကမ္ဘာပေါ်မှာ ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ လက်ရှိ ကြုံတွေ့နေရတဲ့ ကပ်ရောဂါဆိုး ကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံများကို ပုံစံအသစ် (New Normal Style) ဖြင့်ပြောင်းလဲ ပြုမှုလုပ်ဆောင် ကြရမှာဖြစ်တဲ့အတွက် ပုံစံသစ်နဲ့ အံဝင်ခွင်ကျဖြစ်မည့် ဆောင်ရွက်မှုများကို တီထွင်ဖန်တီး ကြိုးစားလုပ် ဆောင်ပေးကြဖို့ တိုက်တွန်းနှိုးဆော်လိုပါတယ်။

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်၊ အသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ –

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ ကြက်ခြေနီနှင့် အများပြည်သူ အတူလက်တွဲကာ ပိုမို ကျန်းမာ ကြံ့ခိုင်သော လူမှုဘဝများကို တည်ဆောက်နိုင်ပြီး ငြိမ်းချမ်းသာယာတဲ့ လူမှုဘဝ ပတ်ဝန်း ကျင်မှာနေထိုင်ရင်း ထပ်မံကြုံတွေ့လာနိုင်သည့် ဘေးဒုက္ခအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုနှင့် ထိရောက်တဲ့ တုံ့ပြန်နိုင်မှု တို့အပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြစ် အသင်း၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်ကို ထိန်းသိမ်းကာ မွန်မြတ် လှတဲ့ လူမှုကရုဏာခရီးလမ်းမှာ မည်သို့သော စိန်ခေါ်မှု၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွှား ဆောင်ရွက်နိုင်သော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနှင့် ရောဂါဘယကင်းဝေး ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါ သမယမှာ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း မေတ္တာပို့သလိုက် ပါတယ်။

ဒေါက်တာမောင်မောင်မြင့်
ဥက္ကဌ
မြန်မာနိုင်ငံကြက်ခြေနီအသင်း