မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့် မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ

  08/ Nov/ 2021

မန္တလေး၊ နိုဝင်ဘာလ (၈) ရက်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့် ဦးဆောင်သော အဖွဲ့သည် ယနေ့ နိုဝင်ဘာလ (၈) ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် အသင်း ဥက္ကဌနှင့် အတူ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ ကြက်ခြေနီဗဟိုကောင်စီဝင် ပါမောက္ခဒေါက်တာမြင့်ဟန်၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီးမှ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌများနှင့် ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များတက်ရောက်ခဲ့ပါသည်။
ယင်းသို့ တွေ့ဆုံရာတွင် အသင်းဥက္ကဌက လူမှုကရုဏာစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် အသင်း၏ အခြေခံမူ (၇)ချက်နှင့်အညီ စည်းလုံးညီညွတ်စွာဖြင့်တာဝန်ယူမှုတာဝန်ခံမှုရှိစေရန်၊ ပွင့်လင်း မြင်သာစွာဖြင့် အလုပ်ဖြင့်သက်သေပြနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌက တိုင်းဒေသကြီးအတွင်းဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို အသေးစိတ်တင်ပြဆွေးနွေးရာ အသင်းဥက္ကဌက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားခဲ့ပါသည်။
ဆက်လက်၍ အသင်းဥက္ကဌနှင့် အဖွဲ့ဝင်များက မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များအတွက် လူမှုကရုဏာ စောင့်ရှောက်မှုလုပ်ငန်းများတွင် အသုံးပြုရန် အတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကို ပေးအပ်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် Oxygen Concentrator များအား မန္တလေးတိုင်းကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဌမှ လည်းကောင်း၊ လူနာတင်ယာဉ်များအတွက် ပစ္စည်းများအား ပျော်ဘွယ်မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ နှင့် ကြက်ခြေနီတပ်ဖွဲ့မှူးတို့မှလည်းကောင်း ၊ ရှေးဦးပြုစုခြင်းစခန်း ဆောင်ရွက်ခဲ့သည့်မြို့နယ်များအတွက် ယာယီတဲများကို ကျောက်ဆည်ခရိုင် ဥက္ကဌ နှင့် ဒုတိယခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး တို့မှ လည်းကောင်း၊ ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် တီရှပ်များကို ချမ်းမြသာစည်မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမြင့်သိန်း မှ လည်းကောင်း အသီးသီး လက်ခံရယူခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂:၃၀ တွင် အောင်မြင်စွာ ကျင်းပပြီးမြောက်ခဲ့ပါသည်။