ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်အိမ်ထောင်စုများ ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ရာတွင် ကြက်ခြေနီက ပူးပေါင်းကူညီ

  27/ Jul/ 2021

မိုးအဆက်မပြတ်ရွာသွန်းခြင်းနှင့်အတူ တောင်ကျရေစီးဆင်းမှုများကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဇူလိုင်လ (၂၆) ရက်နှင့် (၂၇) ရက်နေ့များက ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါတယ်။
အဆိုပါနေရာများမှာ ဆက်လက်နေထိုင်ဖို့အဆင်မပြေတဲ့ အိမ်ထောင်စု (၉၇) စုကို ယာယီပြောင်းရွှေ့နေထိုင်မည့် ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွေ့ရာတွင် မြဝတီမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင်လှေဖြင့် ကြက်ခြေနီများက ပါဝင်ကူညီပေးခဲ့ပြီး အလှူရှင်များလှူဒါန်းသော ထမင်းထုပ်များ၊ ရေသန့်ဘူးများနှင့် စားသောက်ဖွယ်ရာများကို ရေဘေးဒဏ်ခံစားရသူ (၃၇၉) ဦးကို ပေးဝေခဲ့ပါတယ်။
မြဝတီမြို့နယ်မှ ကြက်ခြေနီစေတနာလုပ်အားရှင် (၃၅)ဦးက ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။