ရွှေဂဲရေဆိုးထုတ်ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် ထိခိုက်ခံစားရသည့် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

  20/ Jul/ 2020

ရန်ကုန်၊ ဇူလိုင် ၂၀

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ် ရေတံခါးအနီး တာရိုးကျိုးပေါက်မှုတွင် လက်ရှိအချိန်ထိ ယာယီကယ်ဆယ်ရေးစခန်း (၁၄) ခု ဖွင့်လှစ်ထားရှိပြီး ရွှေ့ပြောင်းပေးထားသည့် လူဉီးရေမှာ ခန့်မှန်း ၄,၀၀၀ ကျော် ရှိပြီဖြစ်ပါသည်။

ဇူလိုင်လ ၂၀ ရက်နေ့က မန္တလေးတိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌ ပါမောက္ခဒေါက်တာခင်သီလွင်၊ ဒုတိယဥက္ကဌပါမောက္ခဒေါက်တာပြုံးပြုံးသန်း၊ ဒုတိယတိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ အတွင်းရေးမှူး ဦးစိုးလှိုင်ဝင်းနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များသည် နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့နှင့် အတူလိုက်ပါပြီး ဘေးလွတ်ရာသို့ရွေ့ပြောင်းထားသည့် ဦးလင်းဘုရား ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၅၁) စု နှင့် ရန်အောင်မြင်ဘုရားကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၁၅) စုတို့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၂၆၆) ပုံးအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ပြည်သူများ ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ပေးအပ်လျက်ရှိသလို အသင်းဌာနချုပ်အနေ ဖြင့်လည်း အရေးပေါ်ကူညီထောက်ပံ့ပစ္စည်းများကို ဆက်လက်ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။