ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်သည့် အွန်လိုင်း အခမ်းအနားပြုလုပ်

  28/ Dec/ 2020

ရန်ကုန်၊ ဒီဇင်ဘာလ ၂၈

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာမောင်မောင်မြင့်သည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် ပြုလုပ်ခဲ့သည့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးပြိုင်ပွဲနှင့် ရှေးဦးပြုစုခြင်းဉာဏ်စမ်းပြိုင်ပွဲတွင် ဆုရသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဒီဇင်လာလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီက အွန်လိုင်းမှ တစ်ဆင့် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ရှေးဦးစွာ အသင်း ဥက္ကဌမှ အမှာစကားပြောကြားရာတွင် ရှေးဦးပြုစုခြင်းဥာဏ်စမ်းပြိုင်ပွဲများနှင့် ကြက်ခြေနီဘာသာရပ်ဆိုင်ရာစာစီစာကုံးများပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရှေးဦးပြုစုခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ဆောင်ပုဒ်ဖြစ်သည့် “ ရှေးဦးပြုစုခြင်း အလေ့အကျင့်များကပ်ရောဂါအလိုက်ပြင်ဆင်သွား” ဆိုသည့်အတိုင်း ရှေးဦးပြုစုခြင်းနည်းစနစ်များအား ဂရုတစိုက်ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်စာစီစာကုံးများကို ဖတ်ရှုမည်ဆိုလျင် ကြက်ခြေနီစေတနာလုပ်အားရှင်များရဲ့ ကိုယ်ကျိုးမဖက်ဘဲ စေတနာ၊ ဝါသနာ၊ အနစ်နာခံပြီး ဆောင်ရွက်ခဲ့မှုများ၊ ရပ်ရွာလူထုကို ရှေးဦးပြုစုခြင်းနည်းစနစ်တွေနဲ့အကျိုးပြုခဲ့မှုများ၊ ကြက်ခြေနီအခန်းကဏ္ဏကို တိုးတက်အောင်ဆောင်ရွက်ခဲ့မှုများကို ရေးသားထားသည်ကို တွေ့ရပါကြောင်း၊ သို့အတွက် ပြိုင်ပွဲဝင်များရဲ့ စာမူများကို အသင်းရဲ့လူမှုကွန်ယက်မီဒီယာများမှတစ်ဆင့် ပြန်လည်ဖော်ပြသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများအား လာမည့်နှစ်များအတွင်း တာဝန်ရှိသူများမှ ဆက်လက် ဆောင်ရွက်သွားရန်တိုက်တွန်းပါကြောင်း၊ ပါဝင်ယှဉ်ပြိုင်သူများကလည်း ဇွဲမလျှော့ဘဲ ဆက်လက်ယှဉ်ပြိုင် သွားရန်လို့ပါကြောင်း၊ နိဂုံးချုပ်အနေနဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များအား ကြက်ခြေနီ အခြေခံမူတစ်ခုဖြစ်သည့် ခွဲခြားမှုမရှိခြင်းမူကို အစဉ်ထိန်းသိမ်းပြီး ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး လုပ်ငန်းများမှာ ပြည်သူတို့နှင့်အတူ ရှေးဦးပြုစုခြင်းအလေ့အကျင့်ကောင်းများဖြင့် နိုင်ငံ့အကျိုးပြု လူမှုကရုဏာလုပ်ငန်းများကို ယခုထက်ပိုပြီးစွမ်းစွမ်းတမံအကောင်အထည်ဖော်သွားကြရန်လိုပါကြောင်း၊ ရရှိထားသော အောင်မြင်မှုများကို ဆက်လက်ထိန်းသိမ်းသွားရန်၊ ရှေးဦးပြုစုခြင်းကိုအခြေပြုပြီး အခြားသောကြက်ခြေနီဘာသာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန်၊ နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ဖို့အတွက် အင်္ဂလိပ်စာကိုလည်း ကြိုးစားလေ့လာသင်ယူကြရန် တိုက်တွန်းမှာ ကြားလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အခမ်းအနား အစီအစဉ်အရ ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ရာ ကြက်ခြေနီစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဒေါ်အေးမြမူ (တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဦးနိုင်ဦး (စစ်ကိုင်းတိုင်းဒေသကြီး)၊ တတိယဆု ဦးသိန်းအောင် (ပဲခူးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်းစာစီစာကုံးပြိုင်ပွဲတွင် ပထမဆု ဦးသိန်းအောင်(ပဲခူးတိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ်မေဖြိုးသီရိစံ(ကရင်ပြည်နယ်)၊ တတိယဆု ဒေါ်အေးချမ်းမေ(နေပြည်တော်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (မြန်မာ) ပြိုင်ပွဲတွင် ပထမဆု ဒေါ်ဝင့်မာအောင်(မကွေးတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်ရွှေရည်ထွန်းလတ်(ကယားပြည်နယ်)၊ တတိယဆု ဦးစောဝေယံလင်းထက် (ကရင်ပြည်နယ်) တို့အားလည်းကောင်း၊ လူငယ်ကြက်ခြေနီ စာစီစာကုံး (အင်္ဂလိပ်) ပြိုင်ပွဲတွင် ပထမဆု ဦးဇင်ကိုကိုထွန်း (ရန်ကုန်တိုင်းဒေသကြီး)၊ ဒုတိယဆု ဒေါ် Chris Nun Cowi (ရန်ကုန်တိုင်းဒေသကြီး) ၊ တတိယဆု ဒေါ်မေမြင့်မြတ်အောင်(မန္တလေးတိုင်းဒေသကြီး) တို့အားလည်းကောင်း၊ ရှေးဦးပြုစုခြင်း ဉာဏ်စမ်းပြိုင်ပွဲတွင် ပထမဆု ဦးဇာနည်ထက်(တနင်္သာရီတိုင်းဒေသကြီး) ၊ ဒုတိယဆု ဒေါ်နန်းလှလှသန်း (ကရင်ပြည်နယ်) ၊ တတိယဆု ဒေါ်အိသန္တာစိုးညွန့် (ပဲခူးတိုင်းဒေသကြီး)၊ စတုတ္ထဆု ဒေါ်နေခြည်သက်လွင် (မွန်ပြည်နယ်) နှင့် ပဉ္ဇမဆု ဒေါ်ဇွန်ပွင့်ဖြူ (မွန်ပြည်နယ်)တို့အားလည်းကောင်း အသီးသီးဆုချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် ဆုရသူများကိုယ်စား ပဲခူးတိုင်းဒေသကြီးမှ ဆုရရှိသူတစ်ဦးဖြစ်သည့် ဦးသိန်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဆုချီးမြှင့်ခြင်း အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယ ဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ပြည်နယ်တိုင်းဒေသကြီးများမှ ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဌများနှင့် ကော်မတီဝင်များ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများနှင့် ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကြက်ခြေနီစေတနာလုပ်အားရှင်များနှင့် ဆုရသူများ စုံညီစွာတက်ရောက်ခဲ့ပါသည်။