ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်

  21/ Jan/ 2020

ရှေးဦးပြုစုပေးခြင်းဖြင့် အသက်ကယ်တင်နိုင်
=======================

၂၀၂ဝပြည့်နှစ်၊ ဇန်နဝါရီ ၉ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ (၁၆) ဂိတ်ကားမှတ်တိုင်အနီးတွင် အမျိုးသမီးတစ်ဦး အသက်ရှုကြပ်ပြီး မူးမေ့လဲကျနေသည်ကို ကြက်ခြေနီစေတနာလုပ်အားရှင်း တစ်ဦးဖြစ်သည့် မနှင်းယုဝေတွေ့ရှိပြီး မိမိတတ်မြောက်ထားသည့် ရှေးဦးပြုစုခြင်းဘာသာရပ်မှ နည်းပညာများ ဖြစ်သည့် လူနာအားလဲလျောင်းစေကာ ဦးနှောက်အတွင်း သွေးစီးဆင်းနိုင်ရန် ခြေထောက်များကိုမြှင့်တင်ပေးခြင်း၊လေဝင်လေထွက်ကောင်းစေရန် လူအုံနေသည်ကို ရှင်းလင်းခြင်း၊ အသက်ကောင်းကောင်းရှုနိုင်ရန် ယက်ခက်ပေးခြင်းများပြုလုပ်ပေးခဲ့ရာ သတိပြန်ဝင်လာပြီးနောက် နှီးစပ်ရာ ဆေးခန်းသို့ အလျင်အမြန်ပို့ဆောင်ပေးနိုင်ခဲ့ပါသည်။

မနှင်းယုဝေသည် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ဒုတိယနှစ်(သမိုင်း)ဘာသာရပ်ကိုသင်ကြားနေသည့် ကျောင်းသူတစ်ဦးဖြစ်ပြီး ၂၀၁၈-၁၉ပညာသင်နှစ်တွင် တက္ကသိုလ်တွင် ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်းအခြေခံသင်တန်း၊ ၂၀၁၉ခုနှစ်တွင် သာမန်သင်တန်းတို့ကို တတ်မြောက်ထားသူဖြစ်သည်။

ထို့အပြင် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်ကြက်ခြေနီအသင်းခွဲ၏ လူမှုကရုဏာလုပ်ငန်းများတွင် တက်ကြွစွာဆောင်ရွက်လျက်ရှိသူတစ်ဦးလည်းဖြစ်သည်။