လူသားချင်း စာနာထောက်ထားခြင်း

  01/ May/ 2021

“ လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မဖြစ်‌ပေါ်နိုင်ဘူး”
ဒေါ်သီသီမွန် (တပ်ခွဲမှူး၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲ)
=============================
အသက် (၄၁) နှစ် အရွယ် ဒေါ်သီသီမွန်ဟာ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲရဲ့ တပ်ခွဲမှူး တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် သူမ (၇) တန်း တက်ရောက်စဉ် ကျောင်းကြက်ခြေနီတွင် စတင်ဝင်ရောက်ခဲ့သည့်အချိန်မှ ယနေ့အထိ ကြက်ခြေနီတွင် လူမှုကရုဏာလုပ်ငန်းများဆောင် ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်မှ ပေးအပ်သည့် ထူးချွန် ကြက်ခြေနီဆုကို ရရှိခဲ့ပါတယ်။ ခရီးသွားရင်း အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးရာတွင် ဒေါ်သီသီမွန်မွန် (ဒေါ်သီသီမွန်သည် သားဖွားသင်တန်းဆင်းတစ်ဦးလည်းဖြစ်သည်) ကူညီမွေးဖွားပေးခဲ့ဖူးသည်။ သွေးအန်လူနာတစ်ဦးအား အရေးပေါ် လိုအပ်သည့်အကူအညီများပေးခဲ့ပြီး အရေးပေါ်သွေးလှူဒါန်းပေးခဲ့ဖူးသည်။ ရေကြီးနစ်မြုပ်ရာတွင် အဖွားအိုတစ်ဦးအားလည်း ကူညီကယ်ဆယ်ပေးခဲ့ဖူးသည်။ ကြက်ခြေနီ စေတနာ လုပ်အားရှင်တစ်ယောက်ဖြစ်သော ဒေါ်သီသီမွန်သည် ထိုကဲ့သို့ လိုအပ်သူများကို အကူအညီပေးသည့် လူမှုကရုဏာလုပ်ငန်းများကို နေ့စဉ်နှင့် အမျှ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ လူမှုကရုဏာလုပ်ငန်းများကို ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဒေါ်သီသီမွန်က “ ကိုယ်ချင်းစာစိတ် ဖြင့် ထိုကဲ့သို့ အကူအညီပေးခဲ့ခြင်း ဖြစ်တယ်” ဟု ဆိုသည်။
“ဒီကြက်ခြေနီကိုလုပ်ခဲ့တာ ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ပဲ လုပ်ခဲ့ပေးတာ။ လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မပေါ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်ရှိမှသာ ငါဖြစ်ရင်ရောဆိုတဲ့ စိတ်ကလေးဝင်မှသာ ဒီလူကို ကူညီပေးမိမှာ။ ငါကရော အသက်ရှင်သန်တဲ့ ဘဝတစ်လျှောက်မှာ ဒီလိုမဖြစ်ဘူးလားဆိုတာ တွေးရမှာ … ငါဖြစ်ခဲ့ရင် တစ်ယောက်ယောက်က နားလည်ပေမယ့် ကူညီပေးနိုင်တဲ့ ပညာရှိပေမယ့် ပစ်ထားခဲ့ရင် ငါဘယ်လိုခံစားရမလဲ။ အဲ့အတွေးကြောင့်မို့ပဲ အိမ်မှာနေလို့မရဘူး။ တစ်ခုခုဖြစ်တယ် ကြားရတာနဲ ချက်ခြင်း ကူညီပေးချင်တဲ့စိတ် အမြဲတမ်းဖြစ်နေတယ်။ “
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
#မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား