သင်သိပါသလား။

  11/ Jul/ 2021

ကမ္ဘာပေါ်မှာ ကြက်ခြေနီလူမှုကရုဏာလုပ်ငန်းတွေကို အတူတကွပူးပေါင်းလုပ်ဆောင်နေတဲ့ မိသားစုအဖွဲ့ဝင် (၃) ခု ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (အိုင်စီအာစီ)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း(ဖက်ဒရေးရှင်း)နဲ့ အမျိုးသားကြက်ခြေနီ၊လခြမ်းနီအသင်းတို့ပဲဖြစ်ပါတယ်။
၁၈၆၃ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့သည့် ဂျီနီဗာလူကြီးလူ​ကောင်းများအဖွဲ့ကို ၁၈၇၅ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာကြက်​ခြေနီ​ကော်မတီ(အိုင်စီအာစီ) ဟု ​ပြောင်းလဲ​ခေါ်​ဝေါ်ခဲ့ပါတယ်။ ဖက်ဒရေးရှင်းကို ၁၉၁၉ ခုနှစ်မှာ ကြက်ခြေနီအသင်းများအဖွဲ့ချုပ်အမည်နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြပါတယ်။ အမျိုးသားကြက်ခြေနီ၊လခြမ်းနီအသင်းတစ်သင်းဖြစ်တဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့ ၁၉၂ဝ ပြည့်နှစ်မှာ အိန္ဒိယနိုင်ငံ ကြက်ခြေနီအသင်း၏ အသင်းခွဲအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၃၇ ခုနှစ်မှာ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖြစ် သီးခြားရပ်တည်ခဲ့ပါတယ်။
ဒီအဖွဲ့ ဝင် (၃)ခုလုံးဟာ ဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လူမှုကရုဏာအကူအညီများပေးတဲ့အခါ မတူညီတဲ့ အခန်းကဏ္ဍ လုပ်ငန်းတာဝန်တွေ ကိုယ်စီရှိကြပါတယ်။ အမျိုးသားကြက်ခြေနီ၊ လခြမ်းနီအသင်းတွေဟာ သဘာဝဘေးအန္တရာယ်ကျရောက်သူများကို အကူအညီပေးတဲ့အခါ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပဋိပက္ခဆိုင်ရာဘေးအန္တရာယ်ကျရောက်သူများကို အကာအကွယ်နှင့်အထောက်အပံ့ပေးတဲ့အခါ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။
မြန်မာနိုင်ငံမှာ ဒီအဖွဲ့အစည်း(၃) ခုက လူမှုကရုဏာအကူအညီတွေပေးခဲ့တာ နှစ်ပေါင်း ၈၀ ကျော် ရှိခဲ့ပါပြီ။