ဟင်္သာတနှင့်မအူပင်တွင် ရေဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

  06/ Aug/ 2020

ဟင်္သာတ၊ မအူပင် ဩဂုတ် ၆

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဦးမိုးလေးတာ ကျိုးပေါက်၍ ရေဝင်ရောက်သဖြင့် ဒေသခံ ကျေးရွာပြည်သူအချို့ ရေဘေးသင့်ခဲ့ရာမြိုနယ်ကြက်‌‌ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊လူမှုရေးအသင်း
အဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးလွတ်ရာသို့ ရွေ့ပြောင်း‌ပေးခြင်းကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့ကြပါသည်။
ဩဂုတ်လ ၅ ရက်နေ့တွင်အဆိုပါကျေးရွာသို့ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့လာ‌ရောက်စဥ် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်နှင့်အဖွဲ့လည်း အတူလိုက်ပါကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ခဲ့ပါသည်။
ဩဂုတ်လ ၆ ရက်နေ့တွင် ရေဘေးသင့်အိမ်ထောင်စု၁၃၀ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း က
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှတဆင့်ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမိုးအကာဆောက်လုပ်ရေးပစ္စည်းနှင့် သောက်ရေပုံး တို့ကို ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးမင်းဥာဏ် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုကိုဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့မှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မအူပင်ခရိုင် မအူပင်မြို့နယ် သောင်တန်းကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရ‌သော အိမ်ထောင်စု ၁၀ စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၊တာပေါ်လင်၊ ကြိုး တို့ကို ဩဂုတ်လ ၆ ရက်နေ့တွင် တိုင်း‌ဒေသကြီးကြက်‌ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမန်းကြည်ရွှင် ၊ တိုင်း‌ဒေသကြီးကြက်‌ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့် ၊ မအူပင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြိုနယ်ကြက်‌ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။