အမေရိကန်ကြက်ခြေနီအသင်းမှ ပေးအပ်သည့် အပြည်ပြည်ဆိုင်ရာ လူမှုကရုဏာလုပ်ငန်းဆုလက်ခံရယူ

  05/ Mar/ 2020

ရန်ကုန်၊ မတ်လ ၄

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌဒေါက်တာမောင်မောင်မြင့်သည် အချိန်ပြည့်အလုပ်အမှုဆောင်များ ဖြစ်သည့် ဒေါက်တာတင်ညွန့်နှင့် ပါမောက္ခဒေါက်တာဒေါ်မြသူ၊ ရခိုင်ပြည်နယ်စီမံချက်လုပ်ငန်းများ စီမံခန့်ခွဲမှုယူနစ် ညွှန်ကြားရေးမှူး ဒေါ်အေးအေးငြိမ်းတို့နှင့် အတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ အမေရိကန်ကြက်ခြေနီအသင်းရုံးချုပ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လ (၄) ရက်နေ့က အမေရိကန်ကြက်ခြေနီအသင်းမှ ချီးမြှင့်သည့် “အပြည်ပြည်ဆိုင်ရာလူမှုကရုဏာလုပ်ငန်းဆု (The International Humanitarian Services Award)” ကို အသင်းကိုယ်စားလက်ခံရယူခဲ့ပါသည်။ အဆိုပါဆုလက်ခံရရှိခဲ့ခြင်းမှာ အသင်းက နိုင်ငံတစ်ဝန်းတွင် လူမှုကရုဏာလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ လခြမ်းနီလှုပ်ရှားမှု၏ အခြေခံမူများနှင့်အညီ လူသားချင်းစာနာထောက်ထားမှု၊ လူသားဂုဏ်သိက္ခာတန်ဖိုးထားနိုင်မှု၊ လေးစားမှု၊ စိတ်ပိုင်းနှင့်် ရုပ်ပိုင်းဆိုင်ရာ အကာအကွယ်ပေးနိုင်မှုနှင့် ကူညီဆောင်ရွက်ပေးခဲ့မှုများကြောင့် အမေရိကန်ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ပေးအပ်သည့်ဆုဖြစ်ပါသည်။