အသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို လုပ်ငန်းခွင်ဝင်မိတ်ဆက်သင်တန်းပေး

  09/ Jul/ 2021

မြစ်ကြီးနား (ဇူလိုင်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်)
မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာန၊ ကချင်ပြည်နယ် စီမံချက်များစီမံခန့်ခွဲမှုယူနစ်နှင့် လူသားအရင်းအမြစ်ဌာနမှ စီစဉ်သော လုပ်ငန်းခွင်ဝင် မိတ်ဆက်သင်တန်း(၃/၂၀၂၁)ဖွင့်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၈) ရက်နေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် စတင်တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းသစ်များကို အသင်း၏မူဝါဒများ၊ အခြေခံမူများ၊ မဟာဗျူဟာပန်းတိုင်များ၊ ရုံးလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဝန်ထမ်းများ လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်ပတ်သက်ပြီး သိရှိနားလည်လိုက်နာစေရန်နှင့် ဝန်ထမ်းများ လုပ်ငန်းလုပ်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ယခုသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်တီ ဥက္ကဌ ဦးဘရန်ဒီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ လူသားအရင်းအမြစ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ချမ်းမင်းဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ အခမ်းအနားကို ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူများ အပါအဝင် စုစုပေါင်း(၁၇)ဦးတို့ တက်‌ရောက်ခဲ့ပါသည်။ အဆိုပါ သင်တန်းကို ဇူလိုင်လ (၈) ရက်နေ့မှ (၁၀)ရက်ထိ (၃)ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကချင်ပြည်နယ်တွင် Enhance resilience and protection of conflict affected populations in Kachin state, Myanmar DRC(HUM) နှင့် Humanitarian Assistance to conflict affected communities and IDPs in Kachin State(GRC) စီမံချက်များအပြင် မြို့နယ်အသီးသီးရှိ ကြက်ခြေနီ စေတနာလုပ်အားရှင်များမှ ဒေသဆိုင်ရာ လိုအပ်ချက်များအလိုက် လူမှုကရုဏာအကူအညီများ လုပ်ကိုင် ဆောင်ရွက်လျှက်ရှိပါသည်။