ကျေးလက်ဖွံ့ဖြိုးတိုးတက်ဖို့ ကြက်ခြေနီနဲ့အတူ ကြိုးစားစို့

  22/ May/ 2018

အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဦးမောင်ကျော်ဝင်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထက်ဘက်ရှိ တံငါရွာ လေးဖြစ်သည့် မင်းလှကျေးရွာက ဒေသခံစေတနာလုပ်အားရှင်တစ်ဦး ဖြစ်သည်။ ဦးမောင်ကျော်ဝင်းသည် ရခိုင်ပြည်နယ်အတွင်း ကြက်ခြေနီက ဆောင်ရွက်နေတဲ့ လူမှုကရုဏာလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။

“ ဒေသခံစေတနာလုပ်အားရှင်တစ်ဦး အနေနဲ့ ကြက်ခြေနီနဲ့ ဒေသခံတွေကြားမှာ ဆက်သွယ်ဆောင်ရွက်ပေးရပါ တယ်။”

“ ကြက်ခြေနီရဲ့ထောက်ပံ့မှုတွေက ဒေသခံတွေအတွက် အရမ်းကို ထိရောက်ပါတယ်။ ငါးဖမ်းတဲ့သူတွေကလဲ ပိုက်ကွန်တွေ ပိုဝယ်နိုင်လာပြီး တချို့ဆိုရင် အရင်က ပိုက်ကွန်တစ်ခုတည်းရှိရာကနေ အခုဆိုရင် သုံးခုတောင်ရှိလာပြီ။ ဒါ့ကြောင့် ဝင်ငွေလဲ သုံးဆလောက် ပိုရလာပြီပေါ့။”

“ ငါးဖမ်းလုပ်ငန်းနဲ့ ရက်ကန်းလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံတဲ့သူတွေရဲ့ ဝင်ငွေကတော့ သိသိသာသာ တိုးတက်လာတာ တွေ့ရတယ်။”

“ အခုဆိုရင် သူတို့ရဲ့အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းလာနိုင်ပြီဖြစ်တယ်။ နေ့စဉ် ထမင်းနပ်မှန်အောင် စားသောက်နိုင်ပြီး အသားဟင်းတွေပါ စားနိုင်လာပါပြီ။ ဒါ့အပြင် နေမကောင်းလို့ ဆေးကုသရမယ့် စရိတ်တွေနဲ့ ကလေးတွေကို ကျောင်းအပ်နှံပေးဖို့ လိုအပ်ချက်တွေအတွက်ပါ သုံးလာနိုင်တာတွေ့ရပါတယ်။ အသက်မွေးဝမ်းကျောင်းဆိုင်ရာအထောက်အပံ့တွေက ရွာသူရွာသားတွေရဲ့ဘဝတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။”