မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူ၏ အတာသင်္ကြန်နှစ်သစ်ကူး နှုတ်ခွန်းဆက် စကား

  17/ Apr/ 2018

ချစ်ခင်လေးစားအပ်ပါတဲ့ ကြက်ခြေနီစေတနာလုပ်အားရှင်များရှင် မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်ရဲ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း နှင့် လူမှုကရုဏာလုပ်ငန်းများကို အန္တရာယ်ကင်းကင်းနဲ့ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ကြ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သရင်း နှုတ်ခွန်းဆက်သလိုက်ပါတယ်။ ယခုလို နှစ်သစ်ကူးအခါသမယမှာ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေနဲ့ လူထုနှင့်အတူ လက်တွဲပြီး ပိုမို ငြိမ်းချမ်းသာယာသောလူမှုဘဝဝန်းကျင်များကို ကျန်းမာကြံ့ခိုင်စွာ တည်ဆောက်နိုင်ကြပြီး ထပ်မံ ကြုံတွေ့ လာနိုင်တဲ့ ဘေးအန္တရာယ် အပေါင်းအတွက် ကြိုတင် ပြင်ဆင်တုံ့ပြန်နိုင်စွမ်းရှိဖို့အတူတကွ ပူးပေါင်းပြင်ဆင် ကြစေလိုပါတယ်။ အသင်းရဲ့ ဦးတည်ချက်ဖြစ်တဲ့ ရွာလူထုဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည်ကို မြှင့်တင်ပေးရန်အတွက် ရပ်ရွာလူထုရဲ့ ပူးပေါင်းပါဝင်မှု ပိုမိုရရှိအောင်၊ လူထုကိုယ်တိုင်က မိမိတို့ရင်ဆိုင်တွေ့ကြုံနိုင်တဲ့ ဘေးအန္တရာယ်တွေကို သိရှိပြီး ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေး၊ ပြန်လည်ထူထောင်ရေးစတဲ့လုပ်ငန်းစဉ်တိုင်းကို သိရှိနားလည်ကာ လက်တွေ့ ဆောင်ရွက်ကြဖို့လိုပါတယ်။  ဒီလိုဆောင်ရွက်ရာမှာ လိုအပ်တဲ့ အတတ်ပညာ၊ အသိပညာ၊ ဗဟုသုတများကို လူထုက လက်လှမ်းမီအောင် ကြိုးပမ်းဆောင်ရွက်စေလိုပါတယ်။ ဒါ့အပြင် တစ်ဦးချင်းစီရဲ့ စွမ်းဆောင်ရည် ပိုမိုတိုးတက်လာစေဖို့ လေ့လာသင်ယူကြဖို့နဲ့ ဆောင်ရွက်လျက်ရှိသည့် လူမှုကရုဏာ လုပ်ငန်းများတွင် လက်တွေ့ ပြန်လည် အသုံးချဖို့ တိုက်တွန်းလိုပါတယ်။ ယခုခေတ်ဟာ သတင်းနှင့်နည်းပညာခေတ် ဖြစ်တဲ့အလျောက် ခေတ်မီနည်းပညာတွေနဲ့ ချိတ်ဆက်ပြီး မိမိတို့ ဘဝတွေအတွက် အကျိုးရှိတဲ့ စာပေ၊ ဗဟု သုတတွေကို ရှာဖွေဖတ်ရှုကာ တစ်ဦးနဲ့တစ်ဦး လွယ်လင့်တကူ ဆက်သွယ်လာနိုင်ပြီ ဖြစ်ပါတယ်။ ဒီလိုဆက်သွယ်ရာမှာ မိမိတို့ရဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ မှားယွင်းစွာ ပြောဆိုရေးသားတာတွေ၊  ရိုင်းပြစွာတုံ့ပြန်တာတွေ မပြုလုပ်ဖို့လည်း မေတ္တာရပ်ခံ လိုပါတယ်။ နောက်ဆုံးအနေနဲ့ကြက်ခြေနီစေတနာလုပ်အားရှင်များအပါအဝင် ပြည်သူအားလုံး နှစ်သစ်မှာ မင်္ဂလာပေါင်းနဲ့ ပြည့်စုံပြီး ကြက်ခြေနီအခြေခံမူများနှင့်အညီ လူမှုကရုဏာ လုပ်ငန်းများကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင် ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်။