(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ

  25/ Sep/ 2020

(၈၃)ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေး (ပထမနေ့) အခမ်းအနား အစီအစဉ်များဆက်လက်ကျင်းပ
===================
နေပြည်တော်၊ စက်တင်ဘာ ၂၅

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (၈၃)ကြိမ်မြောက်ကြက်ခြေနီ ဗဟိုကောင်စီအစည်းအဝေး ပထမနေ့ အခမ်းအနား အစီအစဉ်များကို ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် Online Video Conferencing ဖြင့်ဆက်လက် ကျင်းပပြုလုပ်ရာ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့် / အချိန်ပိုင်း အလုပ်အမှုဆောင်များ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ ကြီးကြပ်မှုကော်မတီ ဥက္ကဌများ၊ တပ်ဖွဲ့မှူးများ၊ အသင်းမှ အထွေထွေအတွင်းရေးမှူး၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ ညွှန်းကြားရေးမှူးများ၊ ဌာနမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်လျက်ရှိပါသည်။

အခမ်းအနားတွင် ကောင်စီအစည်းအဝေး အဖွင့်အမှာစကားကို သဘာပတိဥက္ကဌ ဒေါက်တာမောင်မောင်မြင့်ကပြောကြားခဲ့ပါသည်။ ထို့နောက် (၈၂) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဒုတိယဥက္ကဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်မှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ဆက်လက်ပြီး အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာဒေါ်မြသူမှ အသင်းဌာနချုပ်၏ (၂၀၁၉) ခုနှစ် ဇူလိုင်လမှ (၂၀၂၀) ပြည့်နှစ် အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး အချိန်ပြည့်အလုပ်အမှုဆောင်ဒေါက်တာတင်ညွန့်မှ (၈၃) ကြိမ်မြောက် ကြက်ခြေနီဗဟိုကောင်စီ အစည်းအဝေးသို့ တင်သွင်းသည့် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာကို ဆက်လက်တင်ပြခဲ့ပါသည်။ ထို့နောက် အချိန်ပြည့်အလုပ်အမှုဆောင် ဒေါ်ကြူကြူဝင်းမှ အမှုဆောင်အဖွဲ့၏ (၂၀၁၉) ခုနှစ် ဘဏ္ဍာရေးအစီရင်ခံစာနှင့် အတွင်းစာရင်းစစ်၏ လုပ်ငန်းဆောင်ရွက်ချက်များကိုတင်ပြခဲ့ကြပြီး အစည်းအဝေးကို ခေတ္တပ်ရပ်နားခဲ့ပါသည်။

ကောင်စီအစည်းအဝေး နေ့လယ်ပိုင်း အစီအစဉ်များကို နေ့လည် ၁ နာရီတွင် Video conferencing ဖြင့် ဆက်လက်ကျင်းပမည်ဖြစ်ရာ တပ်ဖွဲ့မှူးချုပ်ဒေါက်တာထိန်လင်းက ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ဗဟိုအုပ်ချုပ်ရေးအဖွဲ့၏ အစီရင်ခံစာကိုတင်ပြမည်ဖြစ်ပြီး ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးတို့က ဆောင်ရွက်ပြီးစီးမှု အစီရင်ခံစာများကို ညနေ ၃:၃၀ နာရီထိဆက်လက် တင်ပြဆွေးနွေး သွားကြမည်ဖြစ်ပါသည်။