ကြက်ခြေနီမှ မွန်ပြည်နယ်နေ့အခမ်းအနားတွင် ကြက်ခြေနီအသိပညာပေးပြခန်း ခင်းကျင်းပြသ

  23/ Mar/ 2018

မော်လမြိုင်၊ မတ်လ

(၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့ အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မွန်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ဘေးဒုက္ခစီမံခန့်ခွဲရေးဌာန၊ မိုင်းအန္တရာယ် အသိပညာပေးခြင်းလုပ်ငန်း အစီအစဉ်တို့ ပူးပေါင်းပြီး ကြက်ခြေနီအသိပညာပေးပြခန်း ခင်းကျင်း ပြသခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုတိုင်းရင်းသားရေးရာဝန်ကြီး နိုင်သက်လွင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် အေးဇံနှင့် ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယ-ဥက္ကဌနှင့် အဖွဲ့ဝင်များ၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာရုံးများ၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမျိုးဝင်းနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်နယ်ကြက်ခြေနီတပ်ဖွဲမှူး ဗဟိုကောင်စီဝင်ဦးကျော်မြင့်၊ မွန်ပြည်နယ် မြို့နယ်များမှ မြို့နယ်တပ်ဖွဲ့မှူးများနှင့် တပ်ဖွဲ့ဝင်များ၊ NGO/INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများ တက်ရောက်ကြပါသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ကြက်ခြေနီအသိပညာပေးပြခန်းတွင် ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများနှင့် ပတ်သက်သော ပစွည်းများ၊ စာအုပ်စာတမ်းများ၊ ဓါတ်ပုံများကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခင်းကျင်းပြသပါသည်။ ထို့အပြင် (၄၄) နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များထဲမှ ကြက်ခြေနီလှုပ်ရှားမှုအကြောင်း သိလိုသူများကို ရှင်းလင်းပြောပြခဲ့ကြပါသည်။

ကြက်ခြေနီအသိပညာပေးပြခန်းကို ၂၀၁၈ ခုနှစ် မတ်လ ၁၈ ရက်နေ့ မှ ၂၃ ရက်နေ့ အထိ (၆) ရက်တိုင်တိုင် မော်လမြိုင်မြို့၊သံလွင်ဥယျာဉ်ပန်းခြံတွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရပါသည်။

Credit; ရတနာထွန်း (DM)