၂၀၂၀ ခုနှစ်၊ နှစ်သစ်ကူးအချိန်အခါသမယတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဌ ဒေါက်တာ မောင်မောင်မြင့်၏ နှုတ်ခွန်းဆက် သဝဏ်လွှာ

  01/ Jan/ 2020

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘ ပြည်သူအပေါင်းတို့ ခင်ဗျာ –

ဒီနေ့ဟာဆိုရင် ၂၀၂၀ ခုနစ် ရဲ့ နှစ်သစ်အခါသမယဖြစ်ပါတယ်။ အခုလို နှစ်သစ်ရဲ့ ပထမဦးဆုံးနေ့မှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီစေတနာလုပ်အားရှင်များနဲ့ မိဘပြည်သူအပေါင်း ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည်စုံကြပါစေကြောင်းနဲ့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းတဲ့အချိန်အခါမှာ နှစ်ဟောင်းက ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ်အပေါင်းမှ လွန်မြောက်ကင်းဝေးကာ ကောင်းကျိုး မင်္ဂလာအဖြာဖြာနဲ့ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

နှစ်စဉ်ပြောင်းလဲနေတဲ့ ရာသီဥတုကြောင့် ကမ္ဘာပေါ်မှာ သဘာ၀ ဘေးအန္တရာယ်တွေ အများအပြား ဖြစ်ပေါ်လျက်ရှိပြီး ထိခိုက်ခံစားရသူများလည်း သန်းပေါင်းများစွာရှိနေပါတယ်။ ဒီလို ထိခိုက်ခံစားရ သူများကို ကျွန်တော်တို့ ကြက်ခြေနီစေတနာလုပ်အားရှင်များ အနေနဲ့ အကူအညီ လိုအပ်သူ မည်သူ ကိုမဆို ကြက်ခြေနီအခြေခံမူများနဲ့အညီ  ကြားနေကာ ခွဲခြားခြင်း အလျဉ်းမရှိဘဲ ဆင်းရဲ ချမ်းသာ မရွေး၊ နေရာဒေသမရွေး မေတ္တာကရုဏာ အပြည့်ဖြင့် လူမှုကရုဏာအကူအညီများ ပေးလျက်ရှိ ပါတယ်။

မိမိတို့ အသင်းသည် နိုင်ငံအတွင်း သက်တမ်းအရှည်ကြာဆုံး လူမှုကရုဏာအဖွဲ့အစည်း ဖြစ်သည့် အပြင် နိုင်ငံတော်က ဥပဒေနဲ့အညီ ဖွဲ့စည်းပေးထားပြီး နိုင်ငံတော်၏ လူမှုကရုဏာ လုပ်ငန်းများတွင် အရန်အင်အားအဖြစ် ပါဝင်ဆောင်ရွက်နေသော အသင်းဖြစ်သည်နှင့်အညီ စေတနာလုပ်အားရှင် များအနေဖြင့် စေတနာ၊ ဝါသနာကို အရင်းခံကာ နိုင်ငံ ဂုဏ်သိက္ခာ၊ အသင်း ဂုဏ်သိက္ခာ၊ တစ်ဦးချင်း ဂုဏ်သိက္ခာကို စောင့်သိ လိုက်နာ ထိန်းသိမ်းကာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး အများပြည်သူ အတွက် လူမှုကရုဏာလုပ်ငန်းများကို ဆတက်ထမ်းပိုး စွမ်းဆောင်ပေးကြပါစေ၊ တဆက်တည်း မှာပဲ ယနေ့ခေတ် တိုးတက်ပြောင်းလဲနေတဲ့ နည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဆည်းပူး လေ့လာကာ လူမှုကရုဏာလုပ်ငန်းတွေကို ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ကြပါစေလို့ တိုက်တွန်း လိုပါတယ်။

မကြာသေးမီက ကျင်းပပြုလုပ်ခဲ့တဲ့ ၁၃ ကြိမ်မြောက် ကြက်ခြေနီညီလာခံမှာ အသင်းနာယက နိုင်ငံတော်သမ္မတကြီး မိန့်ကြားခဲ့တဲ့ “မည်သည့်အဖွဲ့အစည်းမှ အမြဲတမ်း ပြီးပြည့်စုံခြင်း မရှိသည့် အတွက် ကြက်ခြေနီ စေတနာလုပ်အားရှင်များဟာ အခြေအနေ အချိန်အခါနှင့် လိုက်လျော ညီထွေ ရှိအောင် ပြုပြင်သင့်သည်များကို ပြုပြင်ပြောင်းလဲခြင်းများ လုပ်ရမှာဖြစ်ပြီး ပြောင်းလဲနိုင်သည့် စွမ်းဆောင်ရည်များ လိုအပ်သကဲ့သို့ ခံနိုင်ရည်လည်းရှိရမည်ဖြစ်ပါတယ်။ ဒီလို ပြောင်းလဲရာတွင် ဝေဖန်ပိုင်းခြားပြီး ခွဲခြားသိနိုင်သည့် ဉာဏ်ပညာအမြော်အမြင်ရှိရန် လိုအပ်သကဲ့သို့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတဲ့ နည်းပညာတွေကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြဖို့နဲ့ အတွေ့အကြုံ ပေါ် မှုတည်ပြီး ရရှိ လာတဲ့ အခက်အခဲတွေ၊ သင်ခန်းစာတွေ၊ အောင်မြင်မှုတွေကို လေ့လာ ဆန်းစစ် ကာ လူမှုကရုဏာ လုပ်ငန်းတွေမှာ ထိရောက်စွာ ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်” ဆိုတဲ့ အမှာစကား အတိုင်း  ၂၀၂၀ ခုနှစ် မှာလည်း မျှော်မှန်းထားသည့်အတိုင်း လူမှုကရုဏာအကူအညီ လိုအပ်နေ သူတွေကို တတ်အားသရွေ့ ကူညီပေးရင်းဖြင့် ကြက်ခြေနီ၏ သမိုင်းမှတ်တမ်းကောင်း များ ထားရစ်နိုင် ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော ကြက်ခြေနီစေတနာလုပ်အားရှင်များ၊ ကြက်ခြေနီအသင်းဝင်များနဲ့ မိဘပြည်သူ အပေါင်းတို့ ခင်ဗျာ –

ယခုလို နှစ်သစ်မင်္ဂလာအခါသမယမှာ မွန်မြတ်လှတဲ့ လူမှုကရုဏာခရီးလမ်းကို တာဝန်ယူမှု၊ တာဝန် ခံမှု အပြည့်ဖြင့် မည်သို့သောစိန်ခေါ်မှုများ၊ အခက်အခဲများ ကြုံတွေ့စေကာမူ ဖြေရှင်း ကျော်လွန် နိုင်သော အသင်း၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကို ပိုမို ထွန်းလင်း တောင်ပအောင် ဆောင်ရွက်နိုင်ကြသော ကြက်ခြေနီများ ဖြစ်ကြပါစေကြောင်းနဲ့ ပြည်သူများနှင့် အတူလက်တွဲကာ ညီညီညွတ်ညွတ် ဆောင် ရွက်နိုင်ကြပါစေကြောင်း မင်္ဂလာရှိလှတဲ့ နှစ်သစ်ကူး အချိန်အခါသမယမှာ ဆန္ဒပြု ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 

ဒေါက်တာမောင်မောင်မြင့်

ဥက္ကဌ

မြန်မာနိုင်ငံကြက်ခြေနီအသင်း

(၁-၁-၂၀၂၀)