နွေရာသီ ကလေးများခြေတုတပ်ဆင်ရေး အစီအစဉ်

  06/ Mar/ 2018

တနသာၤရီတိုင်း၊ ပုလောမြို့ ပြည်ခြားရွာမှာနေထိုင်တဲ့ မောင်သန်းဇော်ဌေးဟာ မွေးရာပါ ဘယ်ခြေ ထောက်မပါလာတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် သူ့အသက် ၃နှစ်အရွယ်မှာ ဘားအံ ခြေတု လက်တု ဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ အစီအစဉ်နဲ့ ခြေတု တပ်ဆင်ခွင့် ရရှိခဲ့ပါတယ်။ အခုဆိုရင် ကျန်းမာပျော်ရွင်စွာနဲ့ ဆဋ္ဌမတန်းကို ဒုတိယအဆင့်ဖြင့် အောင်မြင်ခဲ့တဲ့အတွက် လာမဲ့ကျောင်းဖွင့်ရာသီမှာ သတ္တမတန်းကို တက်ရောက်ရတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနမှ ခြေတု တပ်ဆင်မည့် ကလေးငယ်များ ခြေတုလာရောက်တပ်ဆင်တဲ့ အချိန်တွေမှာ ကျောင်းပျက်ခြင်း စာသင်ချိန် နောက်ကျခြင်း စတဲ့အခက်အခဲတွေကို ပြေလည်စေဖို့အတွက် နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက် အချိန်ကာလတွေဖြစ်တဲ့ ဧပြီလနဲ့မေလတွေမှာ ကလေးများအတွက် အထူး ဦးစားပေး အစီအစဉ်အနေနဲ့ ခြေတုလက်တုအပြင် အားပြုကိရိယာတပ်ဆင်ပေးခြင်းတွေကို ၂၀၁၀ ခုနှစ် ကစတင်ပြီးနှစ်စဉ် ဝန်ဆောင်မှုပေးနေပါတယ်။ ကလေးအစီအစဉ်ပထမအသုတ်ကို သင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက်အပြီးနဲ့ ဒုတိယအသုတ်ကို မေလ ပထမပတ်တွေမှာ စီစဉ်ထားရှိပါတယ်။

“ မြန်မာနိုင်ငံကြက်ခြေနီအသင်းက တပ်ဆင်ပေးတဲ့ ခြေတုကို အသုံးပြုခွင့်ရတဲ့အတွက် အခုဆိုရင် သာမန်ကျောင်းသားတွေလို အခက်အခဲမရှိသွားလာလှုပ်ရှားနိုင်နေပါပြီ၊ အိမ်မှာဆို မိဘတွေကို ကူညီပြီး ထင်းခွဲ၊ ရေခပ် စတဲ့ အလုပ်တွေကိုလည်း ဝိုင်းကူလုပ်ပေးလာနိုင်တဲ့အပြင် ညီမလေးကိုပါ ထိန်းပေးနိုင်နေပါပြီး ခြေတုတပ်တုန်းကဆို ဘဝတူ သူငယ်ချင်းတွေနဲ့ ရင်းနှီးခင်မင်ခဲ့ရပြီး အချင်းချင်း အားပေးကူညီမှုတွေရခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း ပိုမိုကြံ့ခိုင်လာပါတယ် ဒါကြောင့် ခြေတုအခမဲ့ တပ်ဆင်ပေးပြီးအစစ အရာရာ သင်ကြားပေးခဲ့တဲ့ ဆရာ/ ဆရာမ တွေကိုလည်း အထူးကျေးဇူးတင်ပါတယ်”လို့ မောင်သန်းဇော်ဌေးက ကြည်နှုးစွာ ပြောပြခဲ့ပါတယ်။ ခြင်းလုံးကစားခြင်းကို ဝါသနာပါတဲ့အပြင် အနုပညာနေနဲ့ ဂီတာ တီးခြင်းကို ဝါသနာပါတဲ့အတွက် နောင်အနာဂတ်မှာ ဂစ်တာပညာရှင်တစ်ဦးဖြစ်ချင်တဲ့ သူ့ဆန္ဒကိုလည်း ထပ်လောင်းပြောပြခဲ့ပါတယ်။