အချိန်မကုန် လူမပန်းစေတဲ့ ဘားအံခြေတုလက်တု၏ နယ်လှည့် ခြေတုပြုပြင်ရေးအစီအစဉ်

  06/ Mar/ 2018

မလှမျိုးသွယ်တစ်ယောက် ဘားအံမှ နယ်လှည့် ခြေတုပြုပြင်ရေးအဖွဲ့ ခြေတုလာရောက်ပြုပြင်ပေး မှာဖြစ်တဲ့အတွက် ခြေဖဝါးအသစ်လဲလှယ် တပ်ဆင်ရန် သထုံကြက်ခြေနီရုံးကိုသွားဖို့ ပြင်ဆင်နေ ပါတယ်။ အသက် ၃၂ နှစ်ရှိ သူမဟာ အိမ်ထောင်ရှင်မတစ်ဦးဖြစ်ပြီး (၈)နှစ်အရွယ် မူလတန်း သားလေးတစ်ယောက်ရှိပါတယ်။ သူမအသက် (၁၂)နှစ်အရွယ်မှာ ရထားကြိတ်မိပြီး ညာဒူး အောက်မှ ခြေထောက်ဖြတ်ခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာ ခြေတုတပ်ဆင်ခွင့် ရရှိခဲ့ပါတယ် အခုအခါ သူမဟာ ယိုမုန့်မျိုးစုံလုပ်ငန်းမှာ နေ့စားအဖြင့် လုပ်ကိုင်နေပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနရဲ့ နယ်လှည့်ခြေတုပြုပြင်ရေး အစီအစဉ်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။ ခြေတုတပ်ဆင်သူများအနေနဲ့ ခြေဖဝါး၊ ခါးပတ်ကြိုးစတဲ့ အသေးစား ပြင်ဆင်မှုများအတွက် ဘားအံဌာနသို့ ပြန်လာရန် မလိုဘဲ မိမိတို့ ရပ်ရွာတွင် အလွယ်တကူ ခြေတုပြုပြင်နိုင်မည့် ဝန်ဆောင်မှုကိုရရှိစေမှာဖြစ်ပြီး အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာ ခြင်း နဲ့ အလုပ်အကိုင်မပျက်ခြင်း စတဲ့အကျိုးများ ခံစားရရှိမှာဖြစ်ပါတယ်။ တစ်နှစ်လျှင် တစ်ကြိမ် သတ်မှတ်ဧရိယာအတွင်းရှိ မြို့နယ်များသို့သွားရောက်ကာ ခြေတုပညာရှင်၊ အရိုးအကြောပညာ ရှင်၊ ကွင်းဆင်းအရာရှိနဲ့ ခြေတုပြုပြင်ဝန်ထမ်းများ ပါဝင်တဲ့ အဖွဲ့က လိုအပ်တဲ့ ဝန်ဆောင်မှုများကို နာရီပိုင်းအတွင်း ဆောင်ရွက်ပေးကြပါတယ်။ ခြေတုအသစ်ပြုလုပ်ရန် လိုအပ်ပါက ဌာနသို့ ပြန်လည်ညွန်းပို့ကာ ရက်ချိန်းပေး ဆောင်ရွက်ပေးလျက်ရှိပါတယ်။

“ ဒီလို နယ်လှည့် ခြေတုပြုပြင်ပေးတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။ ဘားအံကို သွားရတဲ့ အချိန်ကုန် သက်သာတယ်၊ အလုပ်လည်း မပျက်တော့ဘူး အခု အလုပ်ရှင်ကို ခွင့်တောင်းပြီး ခြေတုပြင်တဲ့အချိန်ပိုင်းလေးပဲ ကြာတဲ့အတွက် လုပ်ခလည်း အဖြတ်မခံရတော့ဘူးပေါ့၊ နယ်လှည့်အဖွဲ့ရှိတာ ကျွန်မတို့အတွက် အရမ်းအဆင်ပြေပါတယ်၊ နှစ်စဉ် နှစ်တိုင်းလည်း ဒီလို အမြဲ လာပြင်ပေးစေချင်ပါတယ်” လို့မလှမျိုးသွယ်က ပြောပြပါတယ်။