မြန်မာနိုင်ငံကြက်ခြေနီအသင်းက မင်းတပ်မြို့နယ်ရှိ အကူညီလိုအပ်ဆုံးသော ရပ်ရွာလူထုများအတွက် လူသားချင်းစာနာမှုအကူအညီများပေးအပ်

  24/ Mar/ 2024

တကယ်လိုအပ်တဲ့နေရာကရပ်ရွာလူထုထံ ထိရောက်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့အတွက် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ကြက်ခြေနီအခြေခံမူတွေနဲ့အညီ အစဥ်အမြဲကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
 
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ပန်းအော့ကျေးရွာ၊ ဖွီကျေးရွာ၊ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် Baptist Church တို့မှာရောက်ရှိနေကြတဲ့ အကြောင်းအမျိုးမျိုးကြောင့်ထိခိုက်ခံစားရသည့်အိမ်ထောင်စု (၁၆၈)စုအတွက် လိုအပ်နေတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြီးခဲ့တဲ့ မတ်လ(၂၀)ရက်နေ့က အဆိုပါအိမ်ထောင်စုများ လက်ဝယ်အရောက် အသင်းဌာနချုပ်မှ တာဝန်ရှိသူများနဲ့ ဒေသခံကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ထောက်ပံ့ကူညီပေးခဲ့ပါတယ်။
 
ထောက်ပံ့ကူညီရာမှာ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၉)အိတ်၊ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်း (၁၃၈)အိတ်၊ ကလေးမီးဖွားသန့်စင်သုံးပစ္စည်း (၅)အိတ်၊ ကလေးများအတွက်စိတ်ပိုင်းဆိုင်ရာပံ့ပိုးခြင်းအိတ်(၆၄)အိတ်၊ မွေးကင်းစကလေးသုံးပစ္စည်း(၅၂) အိတ်၊ ကလေးဝတ်အင်္ကျီထုပ်(၆၆)ထုပ်၊ ခြင်ထောင် (၁၆၈)၊ စောင်(၁၆၈)ထည်၊ တာပေါ်လင်(၁၀၇)စ၊ ဆီ(၁လီတာဘူး)၃၃၆ဘူး၊ ဆား(၁၆၈)ထုပ်၊ ငါးခြောက်အထုပ်ငယ်(၁၆၈)ထုပ်၊ ပဲ(၁၆၈)ထုပ် တို့ကိုထောက်ပံ့ကူညီခဲ့တာဖြစ်ပါတယ်။
ဒီလိုကူညီခဲ့တာက သူတို့လိုအပ်ချက်အတွက် အပြည့်အဝမဟုတ်သည့်တိုင်သူတို့အတွက်များစွာ အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ယခုလိုမျိုး လိုအပ်တဲ့နေရာတွေအထိသွားရောက်ပြီး ထိရောက်တဲ့ အကူအညီ​တွေ ဆက်လက်ပေးနိုင်ဖို့အတွက် လည်း စီစဥ်ဆောင်ရွက်လျက်ရှိပါတယ်။