ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြက်ခြေနီများက လူမှုကရုဏာလုပ်ငန်းများဆောင်ရွက်လျက်ရှိ

  01/ Apr/ 2022

ဧရာဝတီ၊ ၂၀၂၂ခုနှစ်၊ ဧပြီလ(၁)ရက်။
၂၀၂၂ခုနှစ်၊ မတ်လ (၃၁)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအတွက်အရေးပေါ်လိုအပ်နေသည့် ‘A’သွေး (၁)လုံးအား မြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင် မောင်မင်းလွင်ဦး မှ လှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။ ကျောင်းကုန်းမြို့နယ်၊ အခြေခံပညာအထက်ကျောင်း(ခွဲ) အောက်ပိုင်းကျောင်း တွင် ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း သင်တန်းဆင်းပွဲအား မတ်လ(၃၀)ရက်နေ့တွင် ပြုလုပ်ခဲ့ပြီး ပုသိမ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး နှင့် သင်တန်းသူ/သားများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ သင်တန်းအား မတ်လ(၂၈)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး (၃)ရက်တာသင်ကြားပြီးစီးခဲ့ပါသည်။
၂၀၂၂ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နှင့် (၂၈)ရက်နေ့များတွင် ငပုတောမြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ရေငံသရက်ကုန်း ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဟင်းအိုးချောင်းကျေးရွာအုပ်စု၊ မြတ်တိုဝဲကြီးကျေးရွာ နှင့် ကွင်းချောင်းကျေးရွာအုပ်စု၊ သူကြီးကုန်းကျေးရွာ များတွင် COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် မတ်လ (၂၈)ရက်နေ့တွင် အရေးပေါ်လူနာအား ငပုတောဆေးရုံမှ ပုသိမ်ဆေးရုံကြီးသို့ ငပုတောမြို့နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များက လွှဲပြောင်းပို့ဆောင်ပေးခဲ့ပါသည်။
ဘိုကလေးမြို့နယ်၊ ဘိုကလေးနဒီ အထူးကုဆေးရုံမှ ရန်ကုန်မြို့၊ ပန်းလှိုင်ဆေးရုံသို့ လွှဲပြောင်းလူနာ အမျိုးသမီးတစ်ဦးအား ဘိုက‌လေးမြို့နယ် ကြက်ခြေနီစေတနာလုပ်အားရှင်များက ပို့ဆောင်ကူညီပေးခဲ့ပါသည်။