ကျေးဇူးပါကြက်ခြေနီ

  02/ Jun/ 2020

မိသားစုအဆက်အသွယ်ရရှိစေရေး အောင်မြင်စွာကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီ

မိုင်ပေါင်းတစ်ရာကျော်ဝေးလံပြီး ကြမ်းတမ်းသော တောလမ်းခရီးများကိုဖြတ်သန်း၍ ရပ်စောက်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းတာဝန်ခံ ဒေါ်ချိုသိမ့်သိမ့်အောင်နှင့် ဒေါ်ခိုင်သန္တာထွန်း တို့သည် ကြက်ခြေနီအကြောင်းကြားစာပေးပို့ရန် နန့်ကူကျေးရွာ၊ အင်းတော်အုပ်စုသို့ ညအိပ်ခရီးနှင်ခဲ့ကြပါသည်။

၎င်းကျေးရွာသည် ပလောင်လူမျိုးစုတို့ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ဒေသဘာသာစကားသာ အသုံးပြုကြပါသည်။ မိခင်ဖြစ်သူဒေါ်ခမ်းအိမ်(အမည်ပြောင်း)သည် သားဖြစ်သူ နောင်မွန်း(အမည်ပြောင်း)နှင့် အဆက်အသွယ်ပြတ် ကွဲကွာနေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး ဌာနမှ ပေးပို့လာသည့် ကြက်ခြေနီအကြောင်းကြားစာကြောင့် သားဖြစ်သူ၏သတင်းကိုလက်ခံရရှိခဲ့ပါသည်။ သားဖြစ်သူထံသို့ လည်း မိသားစုသတင်းစကားများ ကြက်ခြေနီမှတဆင့် ပြန်လည်ရေးသားပေးပို့ခဲ့ပါသည်။

ဝေးလံခေါင်ဖျားသော အရပ်ဒေသထိ လာရောက်ကူညီပေးသော ကြက်ခြေနီစေတနာလုပ်အားရှင်များကိုလည်း ကျေးဇူးတင်ရင်း သားဖြစ်သူသတင်းရရှိသည့်အတွက် လည်း ပျော်ရွှင်ကြည်နူးခြင်းတို့ဖြင့် ဒေါ်ခမ်းအိမ်တစ်ယောက်နေ့သစ်များကို ဆက်လက်ဖြတ်သန်းနိုင်ရန် အင်အားသစ်များရရှိခဲ့ပါ သည်။ သူမအနေဖြင့် “ကျေးဇူးကြက်ခြေနီ” ဟု ပြောကြားခဲ့ပါသည်။ မိသားစုအဆက်အသွယ်ရရှိနိုင်ရေးအတွက် လိုအပ်သောဘာသာစကားများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သော နန့်ကူကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။