09/ Aug/ 2020
မြောက်ဦး၊ ဩဂုတ် ၉
မြောက်ဦးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ရပ်ကွက်များအတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်စေရန်အတွက် ဖုံး/သွန်/လဲ/စစ်ပြုလုပ်ပေးခြင်း၊ အဘိတ်ဆေးခပ်ခြင်းတို့ကို မြောက်ဦးမြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၉ရက်နေ့က ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။
09/ Aug/ 2020
မုဒုံ၊ ဩဂုတ် ၉ ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၉ ရက်က မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ဦးသည် မုဒုံမြို့နယ်၊ ထွန်းတောက်ပြည်သူ့ဆေးရုံတွင်အရေးပေါ်လိုအပ်လျက်ရှိသည့် သွေးသန့်များအတွက် (O)သွေး(၃)လုံးကိုသွားရောက်လှူဒါန်းခဲ့ပါသည်။
08/ Aug/ 2020
ရပ်စောက်၊ ဩဂုတ်လ ၈ ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့နယ်၊ ပစောက်ကွေ့တံတားအနီးရှိချောက်အတွင်း ကုန်တင်ယာဉ်တစ်စီး ကျဆင်းတိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါ ဒဏ်ရာရသူ (၃)ဦးအား ချောက်အတွင်းဆင်းသယ်ယူခြင်းနှင့် ရပ်စောက်ပြည်သူ့ဆေးရုံသို့ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ပို့ဆောင်ခြင်းကို မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူးဦးကျော်မြင့်သိန်းဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၇ဦးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၈ရက်နေ့က ဆောင်ရွက်ခဲ့ပါသည်။
08/ Aug/ 2020
လယ်ဝေး၊ ဩဂုတ် ၈ ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၃ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေပြည်တော် လယ်ဝေးမြို့နယ်၊ သစ်ပုတ်ပင်ကျေးရွာတွင် နေအိမ်၇လုံး ရေဘေးသင့်ကာပျက်စီးဆုံးရှုံးခဲ့ရသည်။ ဩဂုတ်လ ၈ရက်နေ့တွင် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသွားရောက်ကာ မိသားစုသုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမိုးအကာဆောက်လုပ်ရေးသုံးပစ္စည်းများအား သွားရောက်ထောက်ပံ့ပေးခဲ့သည်။
07/ Aug/ 2020
လှိုင်းဘွဲ့၊ ဩဂုတ် ၇
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆင်ကူကျေးရွာမှ ကိုမောင်ကျေးရွာသို့သွားသည့်လမ်းရေကျော်မှုဖြစ်ပေါ်ခဲ့ရာ ခရီးသွားဒေသခံပြည်သူများအန္တရာယ်ကင်းစေရန် လှိုင်းဘွဲ့မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူးဦးဆန်းဝင်းဦး ဦးဆောင်သည့် ကြက်ခြေနီစေတနာလုပ်အားရှင် ၆ ဦးတို့က လမ်းအမှတ်အသားများပြုလုပ်ခြင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၇ရက်နေ့ကဆောင်ရွက်ခဲ့ပါသည်။
07/ Aug/ 2020
မင်းတပ်၊ ဩဂုတ် ၇
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော ကြက်ခြေနီစေတနာလုပ်အားရှင်များအတွက် အခြေခံစွမ်းဆောင်ရည်မြှင့် တင်ခြင်းသင်တန်း (Basic Capacity Building Training)ကို ၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၇ ရက်နေ့မှ ၁၄ ရက်နေ့ထိ ချင်းပြည်နယ်၊ မင်းတပ်မြို့၊ မင်းတပ်ဟိုတယ်တွင် ဖွင့်လှစ်လျက်ရှိပါသည်။
သင်တန်းဖွင့်ပွဲတွင် မင်းတပ်ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ ဦးမောင်ထူးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီမှ ဦးလတ်မြင့်ထွန်းက အခြေခံ စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းဖွင့်လှစ်ရခြင်းနှင့်အကြောင်းနှင့် ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပါသည်။
စေတနာ့လုပ်အားရှင်များ လူမှုကရုဏာလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးဦးပြုစုခြင်းကို အခြေခံပြီး အခြားလိုအပ်သော စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ရခြင်း ဖြစ်ပြီး မင်းတပ်၊ မတူပီ၊ ဆမီး၊ ပလက်ဝမြို့များမှ သင်တန်းသား/ သူ(၂၀)ဦး တက်ရောက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံကြက်ခြေနီအသင်း(ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေးဌာန)မှ အကြီးတန်းသင်တန်း အရာရှိ ဦးအုန်းသွင်၊ မိတ္ထီလာခရိုင်ကြက်ခြေနီ တပ်ဖွဲ့မှူးဦးနေဦးနှင့် တာဝန်ရှိသူများက သင်ကြားပို့ချပေးသွား မည်ဖြစ်ပါသည်။
06/ Aug/ 2020
တောင်ကြီး၊ ၆ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၆ ရက်နေ့က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ ကျောက်တလုံးမြို့ ကက္ကူကျေးရွာအနီးတွင် ဆိုင်ကယ်မတော်တဆ တိမ်းမှောက်ရာ ဒဏ်ရာ ရရှိသူ ၂ ဦးအား တောင်ကြီးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကက္ကူကျေးရွာရှိကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်ကာ ရှေးဉီးပြုစုပေးခဲ့ပါသည်။
06/ Aug/ 2020
ဟင်္သာတ၊ မအူပင် ဩဂုတ် ၆
၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၄ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စု ဖောင်ဆိပ်ကျေးရွာတွင် ဦးမိုးလေးတာ ကျိုးပေါက်၍ ရေဝင်ရောက်သဖြင့် ဒေသခံ ကျေးရွာပြည်သူအချို့ ရေဘေးသင့်ခဲ့ရာမြိုနယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် ဌာနဆိုင်ရာများ၊လူမှုရေးအသင်း
အဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးလွတ်ရာသို့ ရွေ့ပြောင်းပေးခြင်းကို ဝိုင်းဝန်း ကူညီ ဆောင်ရွက် ခဲ့ကြပါသည်။
ဩဂုတ်လ ၅ ရက်နေ့တွင်အဆိုပါကျေးရွာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့လာရောက်စဥ် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌဦးမန်းကြည်ရွှင်နှင့်အဖွဲ့လည်း အတူလိုက်ပါကာ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် စီစဉ်ခဲ့ပါသည်။
ဩဂုတ်လ ၆ ရက်နေ့တွင် ရေဘေးသင့်အိမ်ထောင်စု၁၃၀ အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း က
ဧရာဝတီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီမှတဆင့်ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း၊ အမိုးအကာဆောက်လုပ်ရေးပစ္စည်းနှင့် သောက်ရေပုံး တို့ကို ဟင်္သာတမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးမင်းဥာဏ် နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းကိုကိုဝင်း ဦးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဦးတို့မှ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပါသည်။
ဩဂုတ်လ ၁ ရက်နေ့ကလည်း မအူပင်ခရိုင် မအူပင်မြို့နယ် သောင်တန်းကျေးရွာ၌ ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ထိခိုက်ခံစားရသော အိမ်ထောင်စု ၁၀ စုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ထောက်ပံ့သော တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း ၊တာပေါ်လင်၊ ကြိုး တို့ကို ဩဂုတ်လ ၆ ရက်နေ့တွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးမန်းကြည်ရွှင် ၊ တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှူး ဦးဝင်းမြင့် ၊ မအူပင်မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဌ၊ မြိုနယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။
05/ Aug/ 2020
သထုံ၊ သြဂုတ်လ ၅
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် အရေးပေါ်လိုအပ်လျက်ရှိသည့်သွေးများအတွက် သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဇရစ်ချောင်ကျေးရွာကြက်ခြေနီစေတနာလုပ်အားရှင် ၅ဦးက သွေးသန့်၅ပုလင်းကို ၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ ၅ရက်နေ့က သွားရောက်လှူဒါန်းနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။