01/ May/ 2021

ကြက်ခြေနီသို့ အသက်ရှုအထောက်အကူပြုအောက်စီဂျင်အိုးလှူဒါန်း

ရန်ကုန်၊ မေလ (၁) ရက်
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ အခမဲ့အောက်ဆီဂျင်အိုး ငှားရမ်းရာတွင် အသုံးပြုနိုင်ရန်အတွက် အောက်ဆီဂျင်တစ်အိုး ပစ္စည်းစုံကို ကွယ်လွန်သူ ဖခင် ဦးမြင့်လေး+မိခင်ဒေါ်သန်းမြင့်တို့အား ရည်စူးပြီး အမှတ်(၈၃)ရွှေလှိုင်လမ်းနေ ကိုကျော်မျိုးသူ + မဝေဝေမိသားစုက ၂၀၂၁ခုနှစ်၊ မေလ(၁)ရက်နေ့မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
Credit: ကြည့်မြင်တိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲ

Read More

  01/ May/ 2021

လူသားချင်း စာနာထောက်ထားခြင်း

"လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မဖြစ်‌ပေါ်နိုင်ဘူး"
ဒေါ်သီသီမွန် (တပ်ခွဲမှူး၊ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲ)
=============================
အသက် (၄၁) နှစ် အရွယ် ဒေါ်သီသီမွန်ဟာ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲရဲ့ တပ်ခွဲမှူး တစ်ယောက်ဖြစ်ပါတယ်။ ၁၉၉၅ ခုနှစ် သူမ (၇) တန်း တက်ရောက်စဉ် ကျောင်းကြက်ခြေနီတွင် စတင်ဝင်ရောက်ခဲ့သည့်အချိန်မှ ယနေ့အထိ ကြက်ခြေနီတွင် လူမှုကရုဏာလုပ်ငန်းများဆောင် ရွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်မှ ပေးအပ်သည့် ထူးချွန် ကြက်ခြေနီဆုကို ရရှိခဲ့ပါတယ်။ ခရီးသွားရင်း အမျိုးသမီးတစ်ဦး အရေးပေါ် ကလေးမွေးရာတွင် ဒေါ်သီသီမွန်မွန် (ဒေါ်သီသီမွန်သည် သားဖွားသင်တန်းဆင်းတစ်ဦးလည်းဖြစ်သည်) ကူညီမွေးဖွားပေးခဲ့ဖူးသည်။ သွေးအန်လူနာတစ်ဦးအား အရေးပေါ် လိုအပ်သည့်အကူအညီများပေးခဲ့ပြီး အရေးပေါ်သွေးလှူဒါန်းပေးခဲ့ဖူးသည်။ ရေကြီးနစ်မြုပ်ရာတွင် အဖွားအိုတစ်ဦးအားလည်း ကူညီကယ်ဆယ်ပေးခဲ့ဖူးသည်။ ကြက်ခြေနီ စေတနာ လုပ်အားရှင်တစ်ယောက်ဖြစ်သော ဒေါ်သီသီမွန်သည် ထိုကဲ့သို့ လိုအပ်သူများကို အကူအညီပေးသည့် လူမှုကရုဏာလုပ်ငန်းများကို နေ့စဉ်နှင့် အမျှ ကူညီဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုကဲ့သို့ လူမှုကရုဏာလုပ်ငန်းများကို ထူးထူးချွန်ချွန် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး မေးမြန်းခဲ့ရာတွင် ဒေါ်သီသီမွန်က "ကိုယ်ချင်းစာစိတ် ဖြင့် ထိုကဲ့သို့ အကူအညီပေးခဲ့ခြင်း ဖြစ်တယ်"ဟု ဆိုသည်။
“ဒီကြက်ခြေနီကိုလုပ်ခဲ့တာ ကိုယ်ချင်းစာတဲ့ စိတ်လေးနဲ့ပဲ လုပ်ခဲ့ပေးတာ။ လူသားချင်း စာနာထောက်ထားခြင်းဆိုတာကတော့ တကယ့်ကို အသက်ပါပဲ။ လူတစ်ယောက်ကို မြင်တဲ့အခါ ကိုယ်ချင်းစာစိတ် မရှိရင် ကူညီပေးချင်စိတ် မပေါ်ဘူး။ ကိုယ်ချင်းစာတဲ့ စိတ်ရှိမှသာ ငါဖြစ်ရင်ရောဆိုတဲ့ စိတ်ကလေးဝင်မှသာ ဒီလူကို ကူညီပေးမိမှာ။ ငါကရော အသက်ရှင်သန်တဲ့ ဘဝတစ်လျှောက်မှာ ဒီလိုမဖြစ်ဘူးလားဆိုတာ တွေးရမှာ … ငါဖြစ်ခဲ့ရင် တစ်ယောက်ယောက်က နားလည်ပေမယ့် ကူညီပေးနိုင်တဲ့ ပညာရှိပေမယ့် ပစ်ထားခဲ့ရင် ငါဘယ်လိုခံစားရမလဲ။ အဲ့အတွေးကြောင့်မို့ပဲ အိမ်မှာနေလို့မရဘူး။ တစ်ခုခုဖြစ်တယ် ကြားရတာနဲ ချက်ခြင်း ကူညီပေးချင်တဲ့စိတ် အမြဲတမ်းဖြစ်နေတယ်။ “
၂၀၂၁ ခုနှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်
#မရပ်မနား ရှေ့ဆက်သွား ကြက်ခြေနီရဲ့ စုပေါင်းအား

Read More

  01/ Mar/ 2021

အရေးပေါ် သွေးလိုအပ်နေသည့် ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်းနှစ်ဦးမှ သွေးသွားရောက်လှူဒါန်း

မြစ်ကြီးနားမြို့ (ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်) ရိုးတင်ချဉ်ဆီ အားနည်းခြင်းကြောင့် အရေးပေါ် သွေးလိုအပ်နေတဲ့ ကလေးငယ်လေးအတွက် ကြက်ခြေနီ စေတနာဝန်ထမ်း နှစ်ဦးက သွားရောက် သွေးလှူဒါန်းခဲ့ပါတယ်။ သွေးအလှူရှင် ကြက်ခြေနီ စေတနာဝန်ထမ်း မနှင်းအိဖြူအတွက် ယခုအကြိမ် သွေးလှူဒါန်းမှုက အကြိမ် (၃၀) မြောက် လှူဒါန်းခြင်းဖြစ်ပြီး ကိုအောင်မြတ်သူ အတွက် အကြိမ် ၃၈ မြောက် လှူဒါန်းခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းရဲ့ စေတနာလုပ်အားရှင်များဟာ နေရာတိုင်း၊ အချိန်တိုင်းမှာ လိုအပ်တဲ့ အကူအညီတွေကို ဘက်လိုက်မှုကင်းစွာ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြသူများဖြစ်ပါတယ်။ [supsystic-gallery id='6']

Read More

  19/ Feb/ 2021

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ

  ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉) ရက် ကြက်ခြေနီသည် ပြည်သူထဲက ပေါက်ပွားလာသည့် ပြည်သူများဖြစ်သည့်အားလျော်စွာ ပြည်သူ့အကျိုးအတွက် ကြက်ခြေနီသည် လူသားချင်းစာနာထောက်ထားသည့် ကိစ္စရပ်များကို ကြက်ခြေနီ အခြေခံမူ(၇)ချက်နှင့်အညီ ရှေးဦးပြုစုခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ အသိပညာခြင်းများသာမက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များက ဒေသအလိုက် ရွေ့လျား ရှေးဦးပြုစုခြင်းစခန်းငယ်များဖွင့်လှစ်ကာ ပြည်သူများအတွက် ကူညီပေးလျက်ရှိနေပါသည်။   #လူတိုင်းအတွက်အမြဲကူညီ နေရာတိုင်းမှာကြက်ခြေနီ#   [supsystic-gallery id=4]

Read More

  02/ Jun/ 2020

ကျေးဇူးပါကြက်ခြေနီ

မိသားစုအဆက်အသွယ်ရရှိစေရေး အောင်မြင်စွာကူညီဆောင်ရွက်ပေးနိုင်ခဲ့ပြီ
မိုင်ပေါင်းတစ်ရာကျော်ဝေးလံပြီး ကြမ်းတမ်းသော တောလမ်းခရီးများကိုဖြတ်သန်း၍ ရပ်စောက်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ မိသားစုပြန်လည်ဆက်သွယ်ပေးရေးလုပ်ငန်းတာဝန်ခံ ဒေါ်ချိုသိမ့်သိမ့်အောင်နှင့် ဒေါ်ခိုင်သန္တာထွန်း တို့သည် ကြက်ခြေနီအကြောင်းကြားစာပေးပို့ရန် နန့်ကူကျေးရွာ၊ အင်းတော်အုပ်စုသို့ ညအိပ်ခရီးနှင်ခဲ့ကြပါသည်။ ၎င်းကျေးရွာသည် ပလောင်လူမျိုးစုတို့ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ဒေသဘာသာစကားသာ အသုံးပြုကြပါသည်။ မိခင်ဖြစ်သူဒေါ်ခမ်းအိမ်(အမည်ပြောင်း)သည် သားဖြစ်သူ နောင်မွန်း(အမည်ပြောင်း)နှင့် အဆက်အသွယ်ပြတ် ကွဲကွာနေသည်မှာ လေးနှစ်ခန့်ရှိပြီဖြစ်ပါသည်။ ယခုအခါ မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေး ဌာနမှ ပေးပို့လာသည့် ကြက်ခြေနီအကြောင်းကြားစာကြောင့် သားဖြစ်သူ၏သတင်းကိုလက်ခံရရှိခဲ့ပါသည်။ သားဖြစ်သူထံသို့ လည်း မိသားစုသတင်းစကားများ ကြက်ခြေနီမှတဆင့် ပြန်လည်ရေးသားပေးပို့ခဲ့ပါသည်။ ဝေးလံခေါင်ဖျားသော အရပ်ဒေသထိ လာရောက်ကူညီပေးသော ကြက်ခြေနီစေတနာလုပ်အားရှင်များကိုလည်း ကျေးဇူးတင်ရင်း သားဖြစ်သူသတင်းရရှိသည့်အတွက် လည်း ပျော်ရွှင်ကြည်နူးခြင်းတို့ဖြင့် ဒေါ်ခမ်းအိမ်တစ်ယောက်နေ့သစ်များကို ဆက်လက်ဖြတ်သန်းနိုင်ရန် အင်အားသစ်များရရှိခဲ့ပါ သည်။ သူမအနေဖြင့် “ကျေးဇူးကြက်ခြေနီ” ဟု ပြောကြားခဲ့ပါသည်။ မိသားစုအဆက်အသွယ်ရရှိနိုင်ရေးအတွက် လိုအပ်သောဘာသာစကားများဖြင့် ကူညီဆောင်ရွက်ပေးခဲ့သော နန့်ကူကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်။

Read More

  21/ May/ 2020

COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ Woodside Myanmar Pte Ltd မှ အလှူငွေ ပေးအပ်

ရန်ကုန်၊ မေ ၂၁ COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Woodside Myanmar Pte Ltd မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ အလှူငွေ ပေးအပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ်၊ မေလ ၂၁ ရက်နေ့ နေ့လည်နာရီက ရန်ကုန်မြို့ရှိ အသင်းရုံးခွဲတွင်ပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ Woodside Myanmar Pte Ltd (Acting Country Manager )ဦးနေလင်းဦး ကလှူဒါန်းရခြင်းအကြောင်းကိုရှင်းလင်းပြောကြားပြီး အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကိုလှူဒါန်းရာအသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့် က လက်ခံရယူပြီး COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများအတွက် အကျိုးရှိထိရောက်စွာအသုံးပြု သွားမည်ဖြစ်ပါကြောင်းပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါလှူဒါန်းပွဲသို့ အသင်းဥက္ကဌ ဒေါက်တာမောင်မောင်မြင့်နှင့်အတူ ဒုတိယဥက္ကဌ ဒေါက်တာဒေါ်အမယာမော်နိုင်၊ အချိန်ပြည့်အမှုဆောင်ဒေါ်ကြူကြူဝင်း၊ အထွေထွေအတွင်းရေးမှူးပါမောက္ခဒေါက်တာထင်ဇော်စိုး၊ အရင်းအမြစ်များစုစည်းအသုံးချရေးဌာနမှူး ဒေါ်မေစန္ဒာမျိုးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး Woodside Myanmar Pte Ltd မှ Acting Country Manager ဦးနေလင်းဦးနှင့် Acting Finance Manager ဒေါ်စန္ဒာမိုး တို့တက်ရောက်ခဲ့သည်။ လှူဒါန်း‌ငွေများဖြင့် COVID-19 ရောဂါကာကွယ်ရေးလုပ်ငန်းများတွင်အသုံးပြုရန်အတွက် PPE ပစ္စည်များနှင့် အသိပညာပေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ယခုကဲ့သို့လှူဒါန်းမှုအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း အနေဖြင့် Woodside Myanmarအားလှိုက်လှဲစွာ ကျေးဇူးတင်ရှိပါသည်။

Read More

  08/ May/ 2020

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနား (Video Conferencing)သို့ တက်ရောက်မိန့်ခွန်းပြောကြား

၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက မြန်မာနိုင်ငံကြက်ခြေနီအသင်း (ရန်ကုန်)ရုံးခွဲ၌ Video Conferencing ဖြင့်ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဌဒေါက်တာ မောင်မောင်မြင့် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။ အခမ်းအနားသို့အသင်းဥက္ကဌဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဌဒေါက်တာဒေါ်အမယာမော်နိုင်နှင့် အချိန်ပြည့်/အချိန်ပိုင်း အလုပ်အမှု ဆောင်များ၊ အထွေထွေအတွင်းရေးမှူး နှင့်ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီ ကော်မတီမှမြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr.Stephan Sakalian နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်Mr. Joy Singhal၊ မိတ်ဖက်ကြက်ခြေနီအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ တိုင်းနှင့်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌများ၊ကြက်ခြေနီတပ်ဖွဲ့မှူးများ၊ အသင်းဌာနချုပ်မှ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ဌာနမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်အရ အသင်းဥက္ကဌမှ ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားမိန်းခွန်းပြောကြားခဲ့ပြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေး(IFRC)တို့မှ  ဌာနေကိုယ်စားလှယ်များက ​ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်စကားများပြောကြားခဲ့ကြပါသည်။ ထို့နောက် COVID-19 ရောဂါကာကွယ်ရေးတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်ဝန်းမှ ကြက်ခြေနီများ၏ လှုပ်ရှားမှုပုံရိပ်မှတ်တမ်းဗီဒီယိုကိုပြသခဲ့ပြီး COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသူများအား အခမ်းအနားသို့ တက်ရောက်လာသူများအားလုံးက လက်ခုပ်တီး ကာအားပေးဂုဏ်ပြုခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

Read More

  08/ May/ 2020

၂ဝ၂၀ ပြည့်နှစ်၊ ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့် ပေးပို့သည့် သဝဏ်လွာ

ယနေ့ မေလ(၈)ရက်နေ့ဟာ ကမ္ဘာနိုင်ငံအသီးသီးမှ လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ လခြမ်းနီ အသင်းပေါင်း(၁၉၂)သင်းရဲ့ အထင်ကရ နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်တဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဒီကနေ့ဟာ တစ်ကမ္ဘာလုံးက ကြက်ခြေနီ လူမှုကရုဏာကွန်ယက်အတွင်း လှုပ်ရှားဆောင်ရွက်နေကြတဲ့ ကြက်ခြေနီ စေတနာလုပ်အားရှင်များ အားလုံးအတွက် အစဉ်သတိရ အမှတ်ရနေမဲ့ နေ့ရက်လည်း ဖြစ်ပါတယ်။ ဒီလို အချိန်အခါ သမယမှာ မြန်မာနိုင်ငံတစ်ဝန်းက ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ ဝင်များ၊ စေတနာလုပ်အားရှင်များ၊ ကြက်ခြေနီရဲ့ ဆောင်ရွက်ချက်တွေကို တဖက် တလမ်းက လူအင်အား၊ ငွေအင်အား၊ နည်းပညာတို့ဖြင့် ဝိုင်းဝန်းကူညီပေးကြတဲ့ အလှုရှင်၊ စေတနာရှင်များ အပါအဝင် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူအားလုံး ကျန်းမာ ချမ်းသာ ရောဂါကင်းကွာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ ဒီနှစ်ကတော့ အားလုံးသိကြတဲ့အတိုင်း မကြုံစဖူး ကမ္ဘာ့ကပ်ရောဂါ COVID 19 ကို ရင်ဆိုင် တိုက်ခိုက်နေကြရတဲ့ အချိန်ဖြစ်တဲ့အတွက် ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြောက်မက်ဖွယ် အိမ်မက်ဆိုးကြီးကို တွန်းလှန်နေရတဲ့ အချိန်အခါလဲ ဖြစ်နေပါ တယ်။ ဒီလိုအချိန်မှာ ကမ္ဘာတစ်ဝန်းက မိတ်ဖက်ကြက်ခြေနီအသင်းတွေအားလုံးလည်း မိမိတို့နိုင်ငံအတွက် ကြက်ခြေနီရဲ့လူမှုကရုဏာ အကူအညီတွေကိုအကောင်းဆုံးဆောင် ရွက်ပေးနေကြတာကို လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာတွေ့မြင်နေရပါတယ်။ အလားတူ မြန်မာနိုင်ငံမှာလည်း ရာသီဥတုပြောင်းလဲမှုရဲ့ ရိုက်ခတ်တဲ့ ဒဏ်တွေ၊ ပဋိပက္ခနှင့် တိုက်ပွဲများကြောင့် နေရပ်စွန်ခွာခဲ့ကြရတာတွေကို ပြည်သူအများ ထိခိုက် ခံစားနေကြရပြီး ဒီလိုအတိဒုက္ခတွေနဲ့ ကြုံတွေ့တိုင်းမှာ ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ၊ စေတနာလုပ်အားရှင်တွေ အနေနဲ့ မိမိတို့ဒေသ အသီး သီးမှာ အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေး နေကြတဲ့ မြင်ကွင်းတွေဟာဆိုရင် အသင်း ကို ဦးဆောင်နေတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ အလွန်ပဲ ကျေနပ်အားရ ဂုဏ်ယူ မိပါတယ်။ နှစ်စဥ် ဒီနေ့ ဒီအချိန်မှာ ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် လှုပ်ရှားမှုကို အသွင်အမျိုးမျိုးနဲ့ ကျင်းပပြုလုပ်လေ့ရှိကြသော်လည်း ဒီနှစ်မှာတော့ လူစုလူဝေး မပြုလုပ်နိုင်တဲ့အခြေအနေမှာ အားလုံး ဂရုပြု အလေးထားလိုက်နာဆောင် ရွက်ကြရမှာဖြစ်တဲ့အတွက် မိမိတို့ဒေသအလိုက် အထိမ်းအမှတ်ပြုလုပ်ကြမည်ဆိုပါက သတ်မှတ်ထားတဲ့ စည်းကမ်းချက်များနဲ့အညီ လူဦးရေ အနည်းဆုံးနဲ့ အကျဉ်းချုံးသာ လုပ်ဆောင်ကြဖို့ အထူးမှာကြားလိုပါတယ်။ အများအကျိုး ဆောင်ရွက်ပေးနေကြသော ကြက်ခြေနီများ ဖြစ်ကြတဲ့အတွက် အခြားသူများထက် ပိုမို စည်းကမ်းလိုက်နာပေးကြ ဖို့ အနူးအညွတ် ပြောကြားလိုပါတယ်။ ယခု ၂ဝ၂၀ ပြည့်နှစ်အတွက် ရွေးချယ်ထားတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ ဆောင်ပုဒ်ကတော့ ‘Keep Clapping’ မြန်မာလိုဆိုရင် ‘လက်ခုပ်တီးလို့ ဆက်လက်အားပေး ဂုဏ်ပြု ကြပါစို့’ ဖြစ်ပါတယ်။ ဒီဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက်ကတော့ ယနေ့ကမ္ဘာပေါ်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ COVID 19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်မှုတွေ ဆောင် ရွက်နေချိန်မှာ ကျွန်တော်တို့အားလုံးအတွက် ရှေ့တန်းကနေ တာဝန်ယူဆောင်ရွက် ပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီပေးနေကြတဲ့ စေတနာလုပ်အားရှင် တွေ အားလုံးကို အားပေးဂုဏ်ပြုလိုတဲ့အတွက် ဒီဆောင်ပုဒ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ် ပါတယ်။ လက်ရှိမှာလည်း နိုင်ငံတိုင်းလိုမှာ အား‌ပေးဂုဏ်ပြု လက်ခုပ်တီးပေးနေကြ တာကို နေ့စဉ် သတင်းတွေမှာ မြင်တွေ့ ကြားသိ နေရပါတယ်။ ယခုလို ကပ်ရောဂါဆိုးကြီးကို ရှေ့တန်းက တိုက်ပွဲဝင်နေကြသူ တစ်ဦးတစ်ယောက် စီ တိုင်းမှာလည်း ခက်ခဲတဲ့အချိန်တွေ ဖြစ်သလို အများအကျိုးအတွက် ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးနေသူများ ဖြစ်ကြတဲ့အတွက် ကျွန်တော်တို့အားလုံးက ထိုသူများကို ရည်ညွှန်းပြီး ယနေ့ မေလ(၈)ရက်နေ့ ကမ္ဘာ့ကြက်ခြေနီနေ့မှာ တညီတညွတ်တည်း ပြိုင်တူ ကျယ်လောင်စွာ လက်ခုပ်တီးအားပေးကြဖို့ နှိုးဆော်ချင်ပါတယ်။ COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တစ်ဦးနှင့် တစ်ဦး နွေး ထွေးမှုပေးကာ စေတနာဖြင့် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ပေးကြစေလိုကြောင်း ဒီလိုဆောင်ရွက်ကြမည်ဆိုပါက လူသားအရင်းအမြစ်မှ အစပြု၍ ရုပ်ပိုင်းဆိုင်ရာ အရင်း အမြစ်အဆုံး အားနည်းသည့် ကာလဖြစ်နေပါစေ အဆိုပါအရာ အားလုံးကို ကျော်လွှား နိုင်မည်ဟုယုံကြည်ပါကြောင်း” တို့ကို COVID 19 အတည်ပြုလူနာနှင့် ရောဂါကူးစက် ခြင်းမှ ပြန်လည်ကောင်းမွန်စပြုလာကြသူများနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် နေ့က ပြောကြားခဲ့သည့်အတိုင်း ကျွန်တော်တို့ရဲ့ ကြက်ခြေနီ အသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာ လုပ်အားရှင်များ အနေနဲ့လည်း COVID 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ နိုင်ငံတော်ရဲ့ လူမှုကရုဏာ အခန်းကဏ္ဍတစ်ရပ်အဖြစ် ကြိုးစား လုပ်ဆောင်ပေးကြဖို့ မှာကြားလိုပါတယ်။ ကြက်ခြေနီတိုင်းဟာ စေတနာ၊ ဝါသနာကို အရင်းခံကာ လူသားချင်း စာနာတဲ့စိတ်၊ ကရုဏာ မေတ္တာစိတ် အရင်းခံဖြင့် ကြက်ခြေနီအခြေခံမူများအတိုင်း  စည်းကမ်းရှိရှိ ညီညီညွတ်ညွတ် ဆောင်ရွက်ကြရမှာ ဖြစ်သလို အသင်းပုံရိပ်နဲ့ ဂုဏ်သိက္ခာကို ထိခိုက် စေမည့် မှားယွင်းသော သတင်းအချက်အလက်တွေ တွေ့ရှိပါကလည်း မှန်ကန်တဲ့ သတင်းအချက်အလက်များကို ယဥ်ကျေးစွာ ပြန်လည်ဖြန့်ဝေပေးကြဖို့ အထူး လိုအပ် ပါတယ်။ ဒါမှသာ ကြက်ခြေနီ၏ လူမှုကရုဏာဆောင်ရွက်မှုတွေအပေါ် အများပြည်သူ က ပိုမိုယုံကြည် လက်ခံလာမှာ ဖြစ်ပါတယ်။ ယခုလို မင်္ဂလာရှိလှတဲ့ ကမ္ဘာ့ကြက်ခြေနီနေ့ အခါသမယမှာ ကြက်ခြေနီအသင်းဝင်၊ တပ်ဖွဲ့ဝင်၊ စေတနာလုပ်အားရှင်များအားလုံး COVID 19 ရောဂါ ကပ်ဘေးမှ ကင်းဝေး ကာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ကြပါစေလို့ ဆန္ဒပြု ဆုမွန်ကောင်းတောင်းရင်း နိုင်ငံတစ် ဝန်းက COVID 19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုများကို ဆောင်ရွက်ပေးနေသူ တစ်ဦးတစ်ယောက်တိုင်းအတွက် ကျွန်တော်တို့အားလုံး တစ်ပြိုင်နက်တည်း လက်ခုပ် တီးလို့ ဆက်လက်အားပေးဂုဏ်ပြုကြဖို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။   ဒေါက်တာမောင်မောင်မြင့်       ဥက္ကဋ္ဌ မြန်မာနိုင်ငံကြက်ခြေနီအသင်း

Read More

  25/ Feb/ 2019

ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးမြေနေရာလှူဒါန်းခြင်းနှင့် အသင်းအဆိုပြုလွှာပေးအပ် 

= = = ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅ မြန်မာနိုင်ငံကြက်ခြေနီအသင်း ကျိုင်းလပ်မြို့နယ် ကြက်ခြေနီအသင်းခွဲငယ်ရုံးနေရာအတွက် မြေကွက် ( ပေ ၄၀ x ၈၀) လှူဒါန်းခြင်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ ဖူလိုင်ဟိုတယ်၌ ကျင်းပသော မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းဖွင့်လှစ်သည့် ကြက်ခြေနီအသိပညာပေးအလုပ်ရုံဆွေးနွေးပွဲတွင် ပေးအပ် လှူဒါန်းခဲ့ပါသည်။

အခမ်းအနားတွင် တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့ကြက်ခြေနီတပ်ခွဲမှူး ဦးသန်းစိန်မှ ကျိုင်းလပ်မြို့ကြက်ခြေနီအသင်းခွဲငယ်ရုံးဖွင့်လှစ်နိုင်ရန်အတွက် မြေနေရာလှူဒါန်းခဲ့ရာ အသင်း ဥက္ကဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူမှ အသင်းကိုယ်စားလက်ခံခဲ့ပါသည်။ ဆက်လက်ပြီး အခမ်းအနားအစီအစဉ်အရ ကြက်ခြေနီအသင်းဝင်အဆိုပြုလွှာများအား ကျိုင်းတုံမြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌ ဦးစိုင်းလုံဆုမှ အသင်း ဥက္ကဌထံလွှဲပြောင်း ပေးအပ်ခဲ့ပါသည်။ အသင်းခွဲငယ်ရုံးဆောက်လုပ်ပြီးစီးပါက ဒေသဖွံ့ဖြိုးရေးအပြင် လူမှုကရုဏာလုပ်ငန်းများဖြစ်သည့် ကျန်းမာရေး မြှင့်တင်ခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲခြင်း၊ ရှေးဦးပြုစုခြင်းနှင့် အန္တရာယ်ကင်းရှင်းရေး၊ စေတနာ သွေးသန့်သွေးလှူရှင်လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး၊ လူငယ်များပါဝင်ရေး၊ မြို့နယ်အသင်းခွဲများနှင့် စေတနာ လုပ်အားရှင်များဖွံဖြိုးတိုးတက်ရေး၊ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးနှင့်အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်းများမှတဆင့် ရပ်ရွာလူထုကို ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်း မြင့်မားစေရန်စသည့်တို့ကို ပိုမို ဆောင်ရွက်နိုင်စေမည် ဖြစ်ပါသည်။ Credit; ဒေါ်တိုးတိုးအေး

Read More