ကြက်ခြေနီမှ ကရင်ပြည်နယ်တွင် COVID 19 ရောဂါကာကွယ်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်

  01/ Apr/ 2020

ဧပြီလ ၁ ရက်

ကြက်ခြေနီမှ ကရင်ပြည်နယ်တွင် COVID 19 ရောဂါကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ၂၀၂၀ပြည့်နှစ် မတ်လ ၃၁ ရက်နေ့တွင် သံတောင်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဉီးလားဘွယ်ထူးဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၅ ဉီးတို့သည် သံတောင်မြို့ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းကာ COVID-19 ရောဂါနှင့် ပတ်သက်သော အသိပညာများကို အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်မှုပြုလုပ်ခဲ့ပါသည်။ ထို့အတူ သံတောင်မြို့ဝင်ဂိတ်တွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဝန်ထမ်းများနှင့်ပူးပေါင်းကာ အပူချိန်တိုင်းတာပေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင်ဖာပွန်မြို့နယ်၊ ကမမောင်းမြို့တွင်လည်း ဖာပွန်ခရိုင် ဒုတိယတပ်ဖွဲ့မှူး ဉီးဇော်မင်းလတ် ဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၉ ဉီးတို့သည် မြို့အတွင်း ပိုစတာများကပ်ခြင်း၊ ကမမောင်းမြို့‌ဈေးအတွင်း ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ခံများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

အလားတူ လှိုင်းဘွဲ့မြို့နယ်ဒုတိယတပ်ခွဲမှူး ဉီးစောဆန်ဝင်းဉီးဆောင်သော ကြက်ခြေနီစေတနာလုပ်အားရှင် ၂၀ ဉီးတို့သည် လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်ကာ COVID-19 ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးခြင်း၊ ပိုစတာများကပ်ခြင်းတို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။