ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများအတွက် ကြက်ခြေနီက သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆက်လက်ကူညီဆောင်ရွက်

  19/ May/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၉) ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် သောက်သုံးရေရရှိရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရွေ့လျားဆေးခန်းများတွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်ရာ၌ ၂၀၂၃ ခုနှစ်၊ မေလ (၁၈) ရက်နေ့က စစ်တွေမြို့နယ်တွင် ဖွင့်လှစ်ထားသော ရွေ့လျားဆေးခန်းတွင် သက္ကယ်ပြင်ကျေးရွာမှ လူဦးရေ (၇၈) ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး ပြည်သူလူထု (၁၀၆) ဦးအား ဆိုင်ကလုန်းမုန်တိုင်းနောက်ဆက်တွဲဖြစ်တတ်သော ရောဂါများကို ကာကွယ်ရန်အတွက် စနစ်တကျလက်ဆေးခြင်း(သန့်လေးသန့်) နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို ကျန်းမာရေးအသိပညာပေးခဲ့ပါသည်။
ထို့အပြင် သောက်ရေ၊ သုံးရေရရှိရေးအတွက် အဓိဌာန်ဘုန်းတော်ကြီးကျောင်းတွင် ယာယီခိုလှုံလျက်ရှိသော လူဦးရေ (၃၀၀) ကျော်အတွက် သောက်သုံးရေ (၄၅၀၀) လီတာ၊ လမ်းမတော်တောင်ရပ်ကွက်မှ အိမ်ထောင်စုများအတွက် သောက်သုံးရေ (၂၀၀၀) လီတာ၊ ရွှေပြားရပ်ကွက်မှ အိမ်ထောင်စုများအတွက် သောက်သုံးရေ (၂၅၀၀) လီတာတို့ကို ဖြန့်ဝေပေးခဲ့ပါသည်။
အဆိုပါ ကူညီဆောင်ရွက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စေတနာလုပ်အားရှင်များနှင့် ဝန်ထမ်းများက ပူးပေါင်းကူညီဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်၍ သောက်သုံးရေ ပိုမိုရရှိနိုင်ရေးနှင့် အကူအညီလိုအပ်နေသူများကို ပိုမိုကူညီဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အသင်းသည် အမှီအခိုကင်းစွာဖြင့် ဘက်မလိုက်ပဲ ကြားနေကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများကို ထိခိုက်ခံစားရမှုအရှိဆုံးနှင့် လိုအပ်နေသူများထံ ရောက်ရှိစေရန် အတွက် တတ်စွမ်း သရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။