ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ရခိုင်ပြည်နယ်ရှိ ထိခိုက်ခံစားရသူများကို ကြက်ခြေနီက အရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ သောက်သုံးရေနှင့် ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုပေး

  18/ May/ 2023

စစ်တွေ၊ ၂၀၂၃ ခုနှစ်၊ မေလ (၁၈)ရက်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ခံစားရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများအတွက် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဖြစ်သည့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ)နှင့် အမျိုးသမီး တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းတို့ကို ထောက်ပံ့ ပေးအပ်ခြင်း၊ သောက်သုံးရေ များဖြန့်ဝေပေးခြင်း၊ ပြည်သူလူထု ပဏာမ ကျန်းမာရေးစောင့်ရှောက်မှု အဖြစ် ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျန်းမာရေး အသိပညာ ပေးခြင်းများကို ဝန်ထမ်းများနှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက မေလ (၁၇) ရက်နေ့က ပြုလုပ်ခဲ့ပါသည်။
အဆိုပါအရေးပေါ်ကယ်ဆယ်ရေးသုံးပစ္စည်းများကို မောင်တော်မြို့နယ်၊ ကျောက်ပန်ဒူရွာရှိ အိမ်ထောင်စု (၁၈၃) စုကို တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (တစ်ပတ်စာ) (၁၈၃) အိတ်အားလည်းကောင်း၊ အင်းဒင်ရွာတွင် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၆၀) အိတ်အားလည်းကောင်း၊ ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်ကျေးရွာတွင် အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်း (၄၀) အိတ်အားလည်းကောင်း ဖြန့်ဝေပေးခဲ့ပါသည်။
အလားတူ စစ်တွေမြို့ရှိ အဓိဌာန်ဘုန်းတော်ကြီးကျောင်းနှင့် စိတ္တသုခကမ္မဌာန်း (ဉာဏစက္ခု) ကျောင်းတွင် ယာယီခိုလှုံလျက်ရှိသော ပြည်သူလူထုအတွက် သောက်သုံးရေ လီတာ (၁၀,၀၀၀) အား ဖြန့်‌ဝေခဲ့ပါသည်။
ထို့အပြင် အဓိဌာန်ဘုန်းတော်ကြီး ကျောင်းနှင့် စိတ္တသုခကမ္မဌာန်း (ဉာဏစက္ခု) ကျောင်းတို့ရှိ ယာယီခိုလှုံရေးစခန်းများတွင် ရောက်ရှိနေသည့် ပြည်သူလူထု (၁၃၆) ဦးအား ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရွေ့လျားဆေးခန်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် သန့်လေးသန့်အကြောင်း၊ စနစ်တကျလက်ဆေးခြင်းအကြောင်း စသည့် ကျန်းမာရေးအသိပညာ ပေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။
အလားတူ အကူအညီလိုအပ်နေသည့် ယာယီခိုလှုံရာစခန်းများနှင့် ကျေးရွာများမှ ပြည်သူများ‌အတွက် စားနပ်ရိက္ခာများ၊ ရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများ၊ အခြားလိုအပ်သည့်ပစ္စည်းများကို ဆက်လက် ထောက်ပံ့ကူညီနိုင်ရန်လည်း ချိတ်ဆက်ဆောင်ရွက်လျက် ရှိပါသည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အသင်းသည် အမှီအခိုကင်းစွာဖြင့် ဘက်မလိုက်ပဲ ကြားနေကာ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများကို ထိခိုက်ခံစားရမှုအရှိဆုံးနှင့် လိုအပ်နေသူများထံ ရောက်ရှိစေရန် အတွက် တတ်စွမ်း သရွေ့ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။